တံတားဦးမြို့က Mytel တာဝါတိုင် မိုင်းခွဲခံရ
မန္တလေးတိုင်း၊ တံတားဦးမြို့နယ်၊ မြင်းသည်ရွာနားက Mytel တာဝါတိုင်ကို စက်တင်ဘာလ ၂၂ ရက် ဒီနေ့မနက်ပိုင်းမှာ မိုင်းခွဲဖျက်ဆီးခဲ့တယ်လို့ အာဏာရှင်စနစ် တိုက်ဖျက်ရေးပြည်သူ့တပ်ဖွဲ့က ပြောပါတယ်။
စစ်ကောင်စီက တာဝါတိုင်တွေနားမှာ မိုင်းထောင်တာတွေ၊ ကင်းပုန်းချတာတွေ လုပ်ထားတဲ့ကြားကနေ ခက်ခက်ခဲခဲ လုပ်ခဲ့ရတယ်လို့ အာဏာရှင်စနစ် တိုက်ဖျက်ရေး ပြည်သူ့တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
“ဒီလုပ်ငန်းကနေရတဲ့ ငွေတွေဟာ စစ်လက်နက်ပစ္စည်းတွေ ဝယ်တဲ့နေရာမှာ သုံးနိုင်တယ်လို့ ယူဆတယ်၊ အာဏာရှင်ကို အထောက်အပံ့ပေးနေတဲ့ စီးပွားရေးဖြစ်တယ်၊ ဒါကြောင့် ထိခိုက်အောင်လုပ်တာ” လို့ ဆိုပါတယ်။
ဒါ့အပြင် အာဏာရှင်စနစ် တိုက်ဖျက်ရေး ပြည်သူ့တပ်ဖွဲ့အနေနဲ့ စစ်ကောင်စီထံ သတင်းပေးဒလံ လုပ်ပေး နေသူတွေကို ရှင်းလင်းသုတ်သင်တာတွေလည်း လုပ်ဆောင်နေတယ်လို့ အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
RFA ကပြုစုထားတဲ့ စာရင်းအရ အာဏာသိမ်းပြီးနောက်ပိုင်း ဒေသခံကာကွယ်ရေး အဖွဲ့တွေ တိုက်ခိုက် ဖျက်ဆီးခဲ့တဲ့ စစ်ကောင်စီပိုင် Mytel ဆက်သွယ်ရေးတာဝါတိုင်ပေါင်း ၁၀၀ နီးပါးရှိနေပြီ ဖြစ်ပါတယ်။