တိုက်ကြီးမှာ မြေငလျင်ကြောင့် ဒဏ်ရာရရှိသူ ၄ဝ နီးပါးရှိ


2017.03.14
taikkyi-earthquake-620.jpg မတ်လ ၁၃ ရက်နေ့ညကလှုပ်ခဲ့တဲ့ ငလျင်ကြောင့် တိုက်ကြီးမြို့နယ်က ပျက်စီးသွားတဲ့ အိမ်တစ်လုံးကို တွေ့ရစဉ်
ဓါတ်ပုံ - ဦးတင်မောင်ထွန်း

ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်မှာ မနေ့ညက လှုပ်ခတ်ခဲ့တဲ့ မြေငလျင်ကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ၂၀ ကျော်ရှိပြီး ဒီနေ့မနက် ထပ်မံလှုပ်ခတ်မှုကြောင့် ၁၅ ဦးခန့် ဒဏ်ရာရရှိထားတယ်လို့ သိရပါတယ်။

ဒီနေ့မနက်ပိုင်းမှာ ထပ်လှုပ်ခတ်တဲ့ နောက်ဆက်တွဲငလျင်ကြောင့် တိုက်ကြီးမြို့က အထည်ချုပ်စက်ရုံ တစ်ရုံမှာ ၁၅ ဦးလောက်ထပ်မံ ဒါဏ်ရာရရှိခဲ့တယ်လို့ တိုက်ကြီးမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလွင်စိုးမင်း က ပြောပါတယ်။

"အထည်ချုပ်စက်ရုံက အဆောက်အအုံ ဘာမှမဖြစ်ဘူး မနက်က ၁၀ နာရီ ၂၅ မိနစ်မှာ ထပ်လှုပ်တော့ အထည်ချုပ်သမလေးတွေက လန့်ပြီးပြေးတာ ပြေးတော့ လူ ၂၀၀ ကျော်ရှိတဲ့အခါ နဲနဲရုန်းရင်းဆန် ခတ်ဖြစ်သွားပြီး မူးလဲတာတွေ ဘာတွေဖြစ်တာ ၁၅ ယောက်လောက်တော့ဖြစ်သွားတယ် တိုက်ကြီးဆေးရုံကို ပို့ထားတယ်"

မနေ့ညကလှုပ်တဲ့ ငလျင်ကြောင့် သေဆုံးသူ ၂ ဦးရှိတယ်လို့ သတင်းတွေထွက်ပေါ်နေပေမယ့် တိုက်ကြီးမြို့ နဲ့ ဝေးကွာတဲ့ ကပစ တပ်တွင်းမှာ ဖြစ်ပွားခဲ့တဲ့အတွက် အတည်ပြုလို့မရဖြစ်နေတယ်လို့လည်း ဦးလွင်စိုးမင်း က ပြောပါတယ်။

ငလျင်ကြောင့် အဆောက်အဦးအဟောင်းတွေပြိုကျခဲ့ပြီး လူနေအိမ် ၈ လုံးလောက်နဲ့ ဘုန်းကြီးကျောင်း ၃ ကျောင်းလောက်ပျက်စီးခဲ့ပါတယ်။

နေအိမ်ပျက်စီးခဲ့တဲ့ မိသားစုတွေကို ငွေကျပ် ၅ သောင်းနဲ့ ဆန် ၂ အိတ်ထောက်ပံ့သွားမှာဖြစ်ပြီး လတ်တလောမှာ ပြိုသွားတဲ့ အိမ်နဲ့ အဝေးမှာနေဖို့ ညွှန်ကြားထားပါတယ်။

မနေ့ညက တိုက်ကြီးမြို့မှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ဟာ ၅ ဒသမ ၈ ရစ်ချ်တာစကေးရှိပြီး နောက်ဆက်တွဲ ငလျင် လှုပ်ခတ်နိုင်မှု ၅၀ ရာခိုင်နှုန်းရှိတဲ့အတွက် အဆောက်အဦးအဟောင်းတွေနဲ့ ပြိုပျက်နေတဲ့ အဆောက်ဦးတွေ အနီးကို သတိထားသွားလာကြဖို့ မြန်မာနိုင်ငံငလျင်ကော်မတီက သတိပေးထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။