မြန်မာအများစုနေထိုင်တဲ့ တာ့ခ်ခရိုင်မှာ ဧည့်စာရင်းတိုင်ဖို့ ထိုင်းအစိုးရ အမိန့်ထုတ်

RFA Burmese
2024.02.23
မြန်မာအများစုနေထိုင်တဲ့ တာ့ခ်ခရိုင်မှာ ဧည့်စာရင်းတိုင်ဖို့ ထိုင်းအစိုးရ အမိန့်ထုတ် ၂ဝ၂၃ ခုနှစ် မတ်လ ၂၂ ရက်နေ့က ထိုင်းနိုင်ငံ မဲဆောက်မြို့ မယ်ပရပ်ကွက်က မြန်မာနိုင်ငံသားများနေထိုင်သည့် အိမ်ရာကို ထိုင်းအာဏာပိုင်များ ဝင်ရောက်စီးနင်းခဲ့စဉ်။
Citizen Journalist

ထိုင်း-မြန်မာနယ်စပ်က ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ နိုင်ငံရေးသမားတွေ၊ တက်ကြွလှုပ်ရှားသူတွေ အများဆုံးခိုလှုံနေတဲ့ မဲဆောက်အပါအဝင် တာ့ခ်ခရိုင်မှာ မဖြစ်မနေ ဧည့်စာရင်းတိုင်ကြားရမယ်လို့ အိမ်ပိုင်ရှင်တွေကို တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးအာဏာပိုင်တွေက ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှာ အမိန့်ထုတ်ညွှန်ကြားလိုက်ပါတယ်။

ထိုင်းနိုင်ငံမှာ ဧည့်စာရင်းတိုင်ခိုင်းတာဟာ အနှစ် နှစ်ဆယ်ကျော်အတွင်း ပထမဆုံး ကြုံရတာလို့ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက RFA ကို ပြောပါတယ်။

" မြန်မာစစ်အစိုးရနဲ့ ထိုင်းစစ်တစ်ပိုင်းအစိုးရတို့ လက်ဝါးချင်းရိုက်ပြီးတော့ ဟန်ချက်ညီညီ လုပ်နေတယ်လို့တောင် ထင်ရလောက်အောင် လုပ်ကွက်တွေ၊ လုပ်နည်းလုပ်ဟန်တွေက တူနေတယ်၊ မြန်မာနိုင်ငံက အကျင့်တွေက အိမ်နီးချင်းဆိုတော့ သွားပြီး ကူးစက်ပုံရတယ်၊ ပြောရမယ်ဆို ကျွန်တော်တို့အတွေ့အကြုံအရ အနှစ်နှစ်ဆယ်အတွင်းမှာ မဲဆောက်အပါအဝင် တာ့ခ်ခရိုင် ကိုးမြို့နယ်ထဲမှာ ဧည့်စာရင်းတိုင်ရတယ်ဆိုတာ လုံးဝမရှိခဲ့ဘူး၊ မဲဆောက်ကနေ အလုပ်သမားကဒ်တွေ၊ ပတ်စ်ပို့တွေ တခြားပြည်နယ်တွေ ခရိုင်တွေ သွားတဲ့အခါမှာတော့ နယ်ကျော်သွားတာဖြစ်တဲ့အတွက် လေးဆယ့် ရှစ်နာရီအတွင်း ဧည့်စာရင်းတိုင်ရတယ်ဆိုတာတော့ ရှိတယ်၊ ပြန်လာရင်ကိစ္စမရှိဘူး"

တာ့ခ်ခရိုင်အတွင်းက အိမ်ပိုင်ရှင်တွေ၊ အိမ်ခန်း အငှားပိုင်ရှင်တွေ၊ ဟိုတယ်နဲ့ တည်းခိုခန်းမန်နေဂျာတွေအနေနဲ့ နိုင်ငံခြားသားဧည့်သည်တွေ လက်ခံမယ်ဆိုရင် ၂၄ နာရီအတွင်း မဖြစ်မနေ ဧည့်စာရင်းတိုင်ရမယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးရုံးကို လူကိုယ်တိုင်ဖြစ်စေ၊ အွန်လိုင်းကဖြစ်စေ၊ Call Center ကတစ်ဆင့် ဖြစ်စေ ဧည့်စာရင်းတိုင်ကြားနိုင်တယ်လို့လည်း ဆိုပါတယ်။

ဧည့်စာရင်းတိုင်ဖို့ ပျက်ကွက်ရင် ထောင်ဒဏ် ၁၅ ရက်ကနေ တစ်လအထိ အပြစ်ပေးနိုင်သလို၊ ဒဏ်ကြေးအဖြစ် ဘတ် ငါးထောင်ကနေ တစ်သောင်းအထိ ပေးဆောင်ရမယ်လို့လည်း ကြေညာထားပါတယ်။

အရင်က ထိုင်းနိုင်ငံကို မြဝတီ-မဲဆောက် အမှတ် (၁) ချစ်ကြည်ရေးတံတားကနေ ခုနစ်ရက် နယ်စပ်ဖြတ်သန်းခွင့်ကတ်နဲ့ အလွယ်တကူ ဝင်ရောက်ခွင့်ရှိပေမဲ့ ဖေဖော်ဝါရီ ၂၀ ရက်က စတင်ပြီး အဲဒီလိုဝင်လာသူတွေကို မဲဆောက်မြို့မှာ တရားဝင်နေထိုင်သူတစ်ဦးဦးရဲ့ ထောက်ခံချက်ပါမှသာ ဝင်ရောက်ခွင့်ပေးတော့တယ်လို့ ဦးမိုးကြိုးက ပြောပါတယ်။

ထိုင်းနိုင်ငံ မဲဆောက်မြို့အနီး အုန်းဖျန် ဒုက္ခသည်စခန်းအဝင်တစ်နေရာကို တွေ့ရစဉ်။ (Photo : RFA)
ထိုင်းနိုင်ငံ မဲဆောက်မြို့အနီး အုန်းဖျန် ဒုက္ခသည်စခန်းအဝင်တစ်နေရာကို တွေ့ရစဉ်။ (Photo : RFA)

ဒါဟာ စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေထုတ်ပြီးနောက်ပိုင်း ထိုင်းနိုင်ငံဘက်က ပိုမိုတင်းကျပ်လာတာလို့ ဆိုပါတယ်။

ဒီလိုတင်းကျပ်လာတာကြောင့် မဲဆောက်အပါအဝင် ထိုင်းနယ်စပ်မှာ စစ်အာဏာရှင်ကို တော်လှန်ဆန့်ကျင်သူတွေ နေထိုင်ဖို့ ပိုမိုခက်ခဲလာတယ်လို့လည်း ပြောပါတယ်။

ထိုင်းနိုင်ငံမှာ နေထိုင်နေတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးထွန်းကြည်က ...“ နိုင်ငံရေးအရခိုလှုံလာသူတွေကိုလည်း သူတို့က တရားမဝင်လို့သတ်မှတ်ထားတယ်။ အခက်အခဲအကျပ်အတည်း စိန်ခေါ်မှုကကြီးတယ်။ တစ်လ သုံးရာပေးပြီး ရဲကတ်လုပ်ထားလည်းပဲ လဝကနဲ့တောမောင်းနဲ့တွေ့ရင်ဖမ်းတာပဲ။ စစ်ကောင်စီနဲ့သူတို့က အကိုကြီး၊ ညီလေးဆက်ဆံရေးကလည်းရှိတယ်။ အိမ်ရှင်တွေက အကြောင်းကြားလာပြီဆိုရင် အိမ်ထဲအထိ လာရောက်စစ်ဆေးမေးမြန်းတာတွေရှိလာနိုင်တယ်။”

ဧည့်စာရင်းတိုင်ဖို့ ညွှန်ကြားထားတဲ့ တာ့ခ်ခရိုင်မှာ ကိုးမြို့နယ် ရှိပါတယ်။ အဲဒီထဲက မဲဆောက်၊ အုန်းဖန်၊ ဖုတ်ဖရ၊ မဲ့ရမတ်၊ ထဆောင်ယန်း စတဲ့ ငါးမြို့နယ်မှာ မြန်မာလူဦးရေ လေးသိန်းကျော်လောက်ရှိပြီး တာ့ခ်၊ ဝမ့်ကျောက်၊ ဝမ်အင်း၊ မဲ့ထော် စတဲ့ လေးမြို့နယ်မှာတော့ မြန်မာ တစ်သိန်းလောက် ရှိတယ်လို့ ထိုင်းပြည်တွင်း သတင်းမီဒီယာတွေရဲ့ အချက်အလက်တွေကို ကိုးကားပြီး ဦးမိုးကြိုးက ပြောပါတယ်။

စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေ ကြေညာပြီးနောက်ပိုင်း မြန်မာပြည်က လူငယ်တွေဟာ တရားဝင်နည်းလမ်းတွေအပြင် တရားမဝင်နယ်စပ်ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံကို ဝင်ရောက်ဖို့ ကြိုးစားနေကြတာပါ။ နှစ်ပတ်အတွင်းမှာပဲ ထိုင်းနိုင်ငံ၊ တာ့ချ်ခရိုင်ထဲမှာ တရားမဝင် မြန်မာနိုင်ငံသား သုံးရာခန့် ဖမ်းဆီးခံခဲ့ရတယ်လို့ မြန်မာရွှေ့ပြောင်းအလုပ်သမား စောင့်ကြည့်ရေးအဖွဲ့ကလည်း RFA ကို ပြောထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။