လက်ရှိအစိုးရကို အယုံအကြည်မရှိဘူးလို့ ရန်ကုန် တကသ ပြော
2018.01.11

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာ ရွေးကောက်ပွဲဝင်ခဲ့တဲ့ လက်ရှိ NLD အစိုးရအနေနဲ့ ဗကသကို လျစ်လျူရှု ထားပြီး သူတို့ကိုထောက်ခံတဲ့ ကျောင်းသားတွေကိုပဲ ပံ့ပိုးကူညီပေးနေတဲ့အတွက် အယုံအကြည်မရှိဘူးလို့ ရန်ကုန် တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ရဲ့ ဥက္ကဌ ဇော်လင်းထွဋ် က ဒီကနေ့ ပြောလိုက်ပါတယ်။
ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က အဖွဲ့ရဲ့ရပ်တည်ချက်နဲ့ ရန်ကုန်တက္ကသိုလ်ထဲက ကျောင်းသူအဆောင်တွေမှာ အဆောင်မှူးအချို့မှ ဖိနှိပ်မှုတွေရှိနေတယ်ဆိုပြီး ဒီကနေ့ ရန်ကုန်တက္ကသိုလ်၊ သစ်ပုတ်ပင်ကြီးဘေးမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလိုပြောတာဖြစ်ပါတယ်။
"အစိုးရအနေနဲ့ ကျောင်းသားတွေအပေါ်မှာ ဆက်ဆံရေးပြေလည်တယ်ဆိုတာ ကျနော်တို့နဲ့ ပြေလည်တာ မဟုတ်ပါဘူး၊ အစိုးရက ဗကသ ရပ်တည်ချက်ကို လျစ်လျူရှုထားတာဖြစ်ပြီး NLD ကို ထောက်ခံတဲ့ကျောင်း သားတွေကိုပဲ ပံ့ပိုးကူညီနေတာဖြစ်တယ်၊ အဲဒါကြောင့် ကျနော်တို့အနေနဲ့ နကသ ကို လက်မခံနိုင်ပါဘူး၊ အဲဒီအတွက် ကျနော်တို့ နကသ နဲ့ ပူးပေါင်းဆောင်ရွက်ခြင်း လုံးဝမရှိပါဘူး၊ ၂ဝဝ၈ အခြေခံဥပဒေအောက်မှာ ရွေးကောက်ပွဲဝင်လိုက်တဲ့ NLD အစိုးရကို ကျနော်တို့ ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂအနေနဲ့ အယုံအကြည်မရှိပါဘူးခင်ဗျာ၊ ဒီနေ့အထိတော့ အားရကျေနပ်ခြင်း မရှိသေးပါဘူး၊ သမဂ္ဂတွေအပေါ် တုံ့ပြန်တဲ့ပုံစံတွေရော ပညာရေးလုပ်ဆောင်တဲ့အပေါ်မှာရော ကျနော်တို့ကျေနပ်မှုမရှိသေးပါဘူးခင်ဗျာ"
ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) အနေနဲ့ လက်ရှိအချိန်ထိ ဗကသ မူ (၅) ချက်နဲ့ပဲ ဆက်လက်ရည်တည်နေတယ်လို့လည်း သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ဒါ့အပြင် ရန်ကုန်တက္ကသိုလ်ထဲက ကျောင်းသူအဆောင်တွေမှာ အဆောင်ပိတ်ချိန်ည ၆ နာရီကို တစ်မိနစ်စွန်းတာနဲ့ လက်မှတ်ထိုးခိုင်းပြီး ၃ ခါပြည့်ရင် ကျောင်းထုတ်မယ်ဆိုတဲ့အချက်တွေ၊ ညပိုင်းမှာ ဖုန်းတွေကို သိမ်းဆည်းသွားတဲ့ အတွက် သာရေးနာရေးတွေကိစ္စတွေဖြစ်လာရင် အဆက်အသွယ် မရတော့တာနဲ့ အဆောင်မှာဖြစ်နေတာကို မိဘတွေကိုပြန်မပြောရဘူးဆိုပြီး ခြိမ်းခြောက်တာတွေ ရှိနေတယ်လို့ ဗကသအဖွဲ့ဝင်တွေက ပြောပါတယ်။
အဲလိုဖြစ်နေတာတွေကို အရေးယူပေးဖို့နဲ့ စည်းကမ်းချက်တွေ ပြန်လည်ပြင်ဆင်ပေးဖို့ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်ထံကို ဒီလ ၃ ရက်နေ့မှာ စာတင်ထားပြီး ၁၀ ရက်နေ့နောက်ဆုံး အကြောင်းပြန်ပေးဖို့ တောင်းဆိုထားပေမယ့် တုံ့ပြန်မှုမရှိသေးတာကြောင့် မကြာခင်မှာ လုပ်သင့်တာဆက်လုပ်သွားမယ်လို့ ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ရဲ့ ဥက္ကဌ ဇော်လင်းထွဋ် ကပြောပါတယ်။
လက်ရှိ ရန်ကုန်တက္ကသိုလ်ထဲမှာ ကျောင်းသားအဆောင် ၄ ခုရှိပြီး ကျောင်းသူအဆောင် ၅ ဆောင်က သီရိ၊ ဒဂုံ၊ ရွှေဘို၊ ရတနာနဲ့ အင်လျားတို့ဖြစ်ကာ အဆောင်သူ ၉၄၈ ဦး တက်ရောက်နေတာဖြစ်ပါတယ်။