တကောင်းနယ်မှာ သုံးရက်ကြာတိုက်ပွဲကြောင့် ဒေသခံလေးထောင်ကျော် ထွက်ပြေးနေရ

RFA Burmese
2023.04.18
တကောင်းနယ်မှာ သုံးရက်ကြာတိုက်ပွဲကြောင့် ဒေသခံလေးထောင်ကျော် ထွက်ပြေးနေရ မီးရှို့ဖျက်ဆီးခံရသည့် ညောင်ကုန်းရွာမှ နေအိမ်အချို့ကို ၂၀၂၃ ခုနှစ် ဧပြီလ ၁၁ ရက်နေ့က တွေ့ရစဉ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - တကောင်း

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းတိုက်နယ်ထဲမှာ ဧပြီလ ၁၃ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ သုံးရက်ကြာတိုက်ပွဲဖြစ်ခဲ့သလို စစ်ကောင်စီတပ်က လေကြောင်းကပါ ပစ်ခဲ့လို့ ရွာပေါင်း ၁၀ ရွာခန့်က ဒေသခံ လေးထောင်ကျော် ထွက်ပြေးနေရတယ်လို့ ဒေသခံတွေနဲ့ ပကဖအဖွဲ့ဝင်တွေက ပြောပါတယ်။

တကောင်း - ထီးချိုင့်သွားတဲ့ ကားလမ်းမကြီးရဲ့ အရှေ့ဘက်အခြမ်းက ဥသျှစ်ကုန်း၊ မိုင်ဒိုင်း၊ ပေကုန်း၊ ရင်ခွင်၊ ကျောက်အိုက်၊ ညောင်ကုန်းနဲ့ ဆူးတောရွာအပါအဝင် အနီးအနား ရွာတွေက ဒေသခံတွေ ထွက်ပြေးနေရတာပါ။

သပိတ်ကျင်းမြို့ နီကယ်စက်ရုံတောင်ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီရဲ့ တပ်မ (၈၈) လက်အောက်ခံ တပ်သား တစ်ရာကျော် တကောင်းတိုက်နယ်ထဲကို စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် အနည်းဆုံး တိုက်ပွဲလေးကြိမ် ဖြစ်ခဲ့တယ်လို့ တကောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။

စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နဲ့ပါ လာပစ်ခဲ့ပြီး နေအိမ်အချို့ပါ မီးရှို့ခံရတယ်လို့ တကောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

"စစ်ကောင်စီတပ်က သူတို့တပ်သားတွေ ကျရှုံးအထိနာသွားတော့ YAK - 130 တိုက်လေယာဉ်နဲ့ ငါးကြိမ်တိတိ လာပြီး ပတ်ရမ်းပစ်တယ်။ ပြည်သူတွေ ထိခိုက်ဒဏ်ရာရတာမျိုး မရှိပေမယ့် ဥသျှစ်ကုန်းရွာလမ်းဘေးက လူနေအိမ် သုံးလုံးလောက်တော့ မီးရှို့သွားတယ် "

စစ်ကောင်စီတပ်သားတွေဟာ လက်ရှိ တကောင်းမြို့ဘက်ကို တပ်ပြန်ဆုတ်သွားပေမယ့် ကားလမ်းအတိုင်း ပြန်မဆုတ်ဘဲ ရွာလမ်းတွေကနေတစ်ဆင့် ရွာတွေရဲ့ ဘုန်းကြီးကျောင်းတွေမှာ ဝင်နားပြီးမှ တစ်ဆင့်တစ်ဆင့် ပြန်ဆုတ်သွားတာလို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၂၀ ကျော်သေဆုံးတယ်လို့ တကောင်းပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဘက်က ပြောပေမယ့် ဒီအရေအတွက်အပေါ် RFA အနေနဲ့ သီးခြားအတည်နိုင်ခြင်းတော့ မရှိပါဘူး။

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကလည်း တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

မြန်မာနှစ်ကူးဖြစ်တဲ့ နှစ်ဆန်းတစ်ရက် ဧပြီလ ၁၇ ရက်နေ့အထိ စစ်ကောင်စီတပ်ရဲ့ ဂျက်တိုက်လေယာဉ်တွေ ရွာတွေပေါ်မှာ လာဝဲပျံနေသေးတယ်လို့လည်း ဒေသခံတွေနဲ့ တကောင်းပကဖအဖွဲ့က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။