ညမထွက်ရအမိန့် ဖောက်ဖျက်မှုနဲ့ ပလက်ဝမှာ ၄၁ ဦး အရေးယူခံရ
2020.09.16
ချင်းပြည်နယ်၊ ပလက်ဝမြို့ကနေ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ကို အခုလ ဒုတိယအပတ်အတွင်း သွားခဲ့တဲ့ အရပ်သား ၄၁ ဦးကို သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဥပဒေ၊ ညမထွက်ရအမိန့်တို့ကို ချိုးဖောက်မှုတွေနဲ့ အရေးယူထားတယ်လို့ ပလက်ဝမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်လောဟာက ပြောပါတယ်။
တောလမ်းကနေ ခရီးသွားနေတဲ့ သူတို့ကို တပ်မတော်ခြေလျင်တပ်ရင်း ၂၈၉ က စက်တင်ဘာ ၉ ရက်နေ့ ညမှာ ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ သူက ပြောပါတယ်။
တပ်က နှစ်ရက်ကြာ စစ်ဆေးမေးမြန်းပြီးနောက် ပလက်ဝမြို့နယ် အထွေထွေအုပ်ချုပ်ရေးအဖွဲ့ထံ လွှဲပြောင်း ပေးခဲ့တယ်လို့ ဆိုပါတယ်။
“ရခိုင်ပြည်နယ်နဲ့ ဆက်စပ်သွားလာနေကြသူတွေဆိုတော့ ကိုဗစ် ၁၉ရောဂါ ကာကွယ်ထိန်းချုပ်တဲ့အနေနဲ့ အခုလက်ရှိ အဲဒီအရပ်သား ၄၁ ဦးကို မြို့မမူလွန်ကျောင်းမှာ အသွားအလာ ကန့်သတ်စောင့်ကြည့်ထားတယ်” လို့ ပလက်ဝဒေသခံ ဦးကျော်ခင်က RFA ကို ပြောပါတယ်။
သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဥပဒေအရ အနိမ့်ဆုံးပြစ်ဒဏ် ထောင်ဒဏ် တစ်လကနေ အမြင့်ဆုံး ထောင်ဒဏ် သုံးနှစ်အထိ ချမှတ်နိုင်ပြီး ညမထွက်ရအမိန့်ကို ချိုးဖောက်မယ်ဆိုရင် ပြစ်မှုဆိုင်ရာပုဒ်မ ၁၈၈ နဲ့ ထောင်ဒဏ် ၃ လအထိ အရေးယူခံရနိုင်ပါတယ်။
ပလက်ဝမြို့နယ်အတွင်းမှာ ည ၆နာရီနောက်ပိုင်း အပြင်မထွက်ရအမိန့် ထုတ်ပြန်ထားဆဲ ဖြစ်ပါတယ်။