ငွေအလွဲသုံးစားမှု အရေးယူဖို့ ကျောက်မျက် အသင်းဝင်တွေ တောင်းဆို
2016.06.02

ကျောက်မျက်လုပ်ငန်းရှင်တွေထံက ကောက်ယူထားတဲ့ ယူရိုငွေ ၉၃ သန်းကို အလွဲသုံးစားလုပ်ထားတာကို ဥပဒေ အရ စစ်ဆေးပြီး ထိရောက်စွာ အရေးယူပေးဖို့ ကျောက်မျက် လုပ်ငန်းရှင် ၈၇ ဦးက တောင်းဆိုလိုက်ပါတယ်။
ရန်ကုန်မြို့ ဗဟန်းမြို့နယ် တော်ဝင်နှင်းဆီဆိုင်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ မြန်မာနိုင်ငံ ကျောက်မျက် ရတနာ လုပ်ငန်းရှင်များအသင်းချုပ် အလုပ်အမှုဆောင် ဦးကျော်ကျော်ဦး က အဲ့ဒီပျောက်ဆုံးနေတဲ့အထဲမှာ နိုင်ငံတော်သမ္မတဟောင်း ဦးသိန်းစိန်ကို ထုတ်ပေးခဲ့တဲ့ ယူရိုငွေ ၁ သန်းလည်း ပါတယ်လို့ ပြောပါတယ်။
"ယခင်သမ္မတကြီးကို ယူရိုငွေ ၇ သန်း ထုတ်ပေးလိုက်ရတယ်လို့ ကျနော်တို့သိရပါတယ်၊ ကျနော်တို့ ပထမတော့ ကြားတာပေါ့ဗျာ၊ ကြားတဲ့ဟာပဲရှိတယ် ဒီဟာကြီးက ဟုတ်လားဆိုတဲ့ဟာကို ကျနော်တို့ကတင်လိုက်တယ်၊ အဲ့တော့ ဗိုလ်မှူးကြီး ဝင်းထိန် က ဦးဆောင်ညွှန်ကြားရေးမှူးချုပ်ပါ၊ လက်ရှိခုံရုံးဥက္ကဌက ဘာပြောသလဲဆိုတော့ ယူရို ၁ သန်းပဲယူသွားတာပါ၊ ကျန်တဲ့ ၆ သန်းကတော့ လုပ်ငန်းရှင်က စုပေါင်းပြီးတော့ ပေးလိုက်တာပါ၊ ၇ သန်းပေးလိုက်တာကတော့ မှန်ပါတယ်ဆိုပြီးတာ့ အသံဖိုင်ရှိပါတယ်"
ကျောက်မျက်လုပ်ငန်းရှင်တွေ တိုင်ကြားမှုနဲ့ပတ်သက်ပြီး သတ္တုတွင်းဝန်ကြီးဟောင်း ဒေါက်တာမြင့်မောင် က နေပြည်တော် ဇမ္မူသီရိမြို့နယ်၊ ကျောက်မျက်ရတနာသင်တန်းကျောင်းမှာ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။
ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်းရဲ့ ရန်ပုံငွေ ယူရို ၈၆ သန်း ပျောက်ဆုံးနေတာ မဟုတ်ဘဲ သုံးစွဲထား ပြီးသား စာရင်းတွေကို ကိုးကားပြီး သတ္တုတွင်းဝန်ကြီးဟောင်း ဒေါက်တာမြင့်အောင် က ငြင်းဆိုခဲ့ပါတယ်။
"ကျနော်တို့ အဂတိလိုက်စားမှုနဲ့ ပတ်သက်လို့ ဘာမှမရှိဘူး၊ သူ့ရဲ့လုပ်ထုံးလုပ်နည်းအရ တစ်ဦးတစ်ယောက် တည်း ဆုံးဖြတ်ချက်မဟုတ်ဘဲနဲ့ ဗဟိုကော်မတီကြီးနဲ့ ဆုံးဖြတ်သွားပြီးတော့ ခုနကတုန်းကလို ၅၂ သန်းသော ပြည်သူလူထုပိုင်သော ကျောက်မျက်ရတနာတွေကနေပြီးတော့ ရရှိတဲ့အကျိုးအမြတ်တွေကို သူ့ဒေသတွေ သူ့ပြည်သူလူထု ဖွံ့ဖြိုးတိုးတက်မှုနဲ့ ပတ်သက်တဲ့ဟာတွေကို ကျနော်တို့ သုံးစွဲခြင်းသာဖြစ်တယ် ဆိုတာ အားလုံးအမြင်ပဲဖြစ်ပါတယ် "
ယူရိုငွေ ၉၃ သန်း ပျောက်ဆုံးတယ်လို့ ပြောတဲ့နေရာမှာ လက်ကျန် ယူရိုငွေ ၇ သန်းရှိနေပြီး ယူရို ၈၆ သန်းကို ပြော ကြတာဖြစ်ပါတယ်။ အဲ့ဒီအထဲမှာ သမ္မတဟောင်း ဦးသိန်းစိန် ကို အနုပညာဦးစီးဌာန ဆောက်လုပ်ရန် ယူရိုငွေ ၇ သန်း ထုတ်ပေးတာတွေတယ်ဆိုတာ မဟုတ်ဘဲ ယူရို ၁ သန်းသာဖြစ်ပြီး အဲ့ဒီငွေဟာလည်း ဆောက်လုပ်ရေးနဲ့ အိမ်ရာဖွံ့ဖြိုးရေးဘဏ်စာရင်းမှာ အဲ့ဒီငွေရှိနေကြောင်း ဒေါက်တာမြင့်အောင် က ရှင်းပြပါတယ်။ ဒါ့အပြင် သမ္မတရုံး ဝန်ကြီးဟောင်း ဦးစိုးသိန်းကို ယူရိုငွေ ၅ သန်း ပေးတာရှိတယ်ဆိုတာဟာ မရှိကြောင်းလည်း ဒေါက်တာမြင့်အောင် က ငြင်းဆိုပါတယ်။
ဖားကန့်မြို့ရှောင်လမ်းအတွက် အမေရိကန်ဒေါ်လာ ၁.၆ သန်း အဲ့ဒီလမ်းအတွက် သုံးစွဲခဲ့ကြောင်းလည်း ဝန်ကြီးဟောင်းက ရှင်းပြတဲ့ ကြေညာချက်ထုတ်ပြန်ပါတယ်။
ကျောက်မျက်အသင်းရန်ပုံငွေ ၉၃ သန်းပျောက်ဆုံးတာနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးပေးဖို့ ကျောက်မျက်အသင်း အလုပ်မှုဆောင်တွေ အပါအဝင် အသင်းသား ၈၇ ဦးက လက်မှတ်ရေးထိုးပြီး သူရဦးရွှေမန်း ဦးဆောင် တဲ့ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ ကော်မတီကို တိုင်းကြားထားလည်းဖြစ်ပါတယ်။
ကျောက်မျက်အသင်းရန်ပုံငွေကို ယခင် မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဌ အဖြစ်တာဝန်ယူခဲ့တဲ့ ဦးတေဇ လက်ထက်မှာ ကျောက်မျက်ပြပွဲ ကျင်းပဖို့အတွက်နဲ့ ကျောက်မျက်အသင်း ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အခွန် ၁ ရာခိုင်နှုန်း အခွန်ကောက်ခံရတာဖြစ်ပါတယ်။ အဲ့ဒီငွေဟာ အစိုးရက သုံးစွဲခွင့် မရှိဘူးလို့လည်း ကျောက်မျက်လုပ်ငန်းရှင်တွေက သူတို့တောင်းဆိုတဲ့အထဲမှာ ပါရှိပါတယ်။
RFA သတင်းထောက် ကိုမျိုးဇော်ကိုက နှစ်ဘက်သတင်းစာရှင်းလင်းပွဲက အချက်တွေကို ကောက်နှုတ်တင်ပြထား ပါတယ်။