ဆန်ဈေးကြီးလို့ နိုင်ငံတော်အတိုင်ပင်ခံကို ဆဲသူကို ပုဒ်မ ၁ဝ နဲ့အမှုဖွင့်
2018.08.16
ဆန်ဈေးကြီးတာနဲ့ ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ညစ်ညမ်းစွာ ဆဲခဲ့သူကို ပြန်လည်စိစစ်ပြီး လူပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှု/ လုံခြုံမှုကာကွယ်ပေးရေး ဥပဒေပုဒ်မ ၁၀ နဲ့ အမှုဖွင့် အရေးယူထားပြီး ဒီနေ့မှာ ဥပဒေအရာရှိကို လွှဲအပ်လိုက်ပြီလို့ ကျောက်တန်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်က ပြောပါတယ်။
ညစ်ညမ်းစွာ ဆဲဆိုလိုက်တဲ့သူဟာ သာမှန်လူမဟုတ်ဘဲ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံဖြစ်နေတဲ့အတွက် ဥပဒေပညာရှင်နဲ့ တိုင်ပင်ပြီး တရားစွဲဆိုခဲ့တာဖြစ်တယ်လို့ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးဇော်မိုးလွင်က ပြောပါတယ်။
"သူဆဲဆိုတဲ့သူက သာမာန်လူမဟုတ်ဘူးလေ၊ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဖြစ်နေတာကိုးနော်၊ အဲဒါနဲ့ကဲ ကျနော်တို့က ဒီလိုပေါ့ ဥပဒေဆိုင်ရာ ပညာရှင်နဲ့ တိုင်ပင်ပြီးတဲ့အချိန်မှာပဲ ဒါရဲစခန်းဘက်က သုံးသပ်ပြီးတော့ ဒီပုဒ်မကိုပြန်ပြောင်းလိုက်တာပါခင်ဗျ၊ ပုဒ်မ ၁၀ ပေါ့နော် ဒီပုဒ်မဟိုဟာကတော့ အနည်းဆုံးထောင် ၆ လကနေပြီးတော့ ၃ နှစ်အထိပေါ့၊ ထောင်ဒဏ် ပြစ်ဒဏ်ကျခံနိုင်တယ်ပေါ့နော်၊ ကျနော်တို့ကတော့ ဒါဥပဒေအရ ဆောင်ရွက်မယ်ဆိုရင်တော့ ဒါကျနော်တို့ဘက်က ဥပဒေ အတိုင်း ပြင်ဆင်နေတဲ့အပိုင်းပါဘဲ ခင်ဗျ"
ဒီအမူဟာ ကျောက်တန်းမြို့နယ် တမံကြီးကုန်းကျေးရွာမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ကို ညစ်ညမ်းစွာဆဲဆိုတာကို မခံနိုင်တဲ့အတွက် ပြည်သူတစ်ဦးက တရားစွဲဆိုခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။
ပြည်သူတစ်ယောက်အနေနဲ့ အခက်အခဲကို ဥပဒေဘောင်အတွင်းက ပြောဆိုခွင့်ရှိပေမဲ့ တနိုင်ငံလုံးက လေးစား ရတဲ့ ပုဂ္ဂိုလ်ကို အခုလို ညစ်ညမ်းစွာ ပြောဆိုလိုက်တာဟာ တစ်ခုခုကို ရည်ရွယ်နေသလိုဖြစ်တယ်လို့လည်း ဦးဇော်မိုးလွင်က ပြောပါတယ်။
အစိုးရအနေနဲ့လည်း လက်ရှိဖြစ်ပေါ်နေတဲ့ ကုန်ဈေးနှုန်းကြီးမြင့်မှုတွေ၊ နိုင်ငံခြားငွေလဲလှယ်နှုန်းတွေ မြင့် တက်နေတာတွေ၊ စီမံကိန်းတွေကို စနစ်တကျနဲ့ ဆောင်ရွက်ဖို့ တိုက်တွန်းချင်ကြောင်း လွှတ်တော် ကိုယ်စားလှယ်က ပြောပါတယ်။
နေပြည်တော် ဇေယျာသီရိမြို့နယ် ကျွန်းရောင်းကျေးရွာအုပ်စုမှာလည်း ကုန်ဈေးနှုန်းနဲ့ ဆန်ဈေးကြီးမြင့် မှုတွေကြောင့် ၂၀၁၆ ခုနှစ် စက်တင်ဘာလက နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ကို ညစ်ညမ်းစွာဆဲဆိုခဲ့သူ ၂ ဦးကို အမှုဖွင့် အရေးယူဖို့ တိုင်ကြားတာတွေ ရှိခဲ့ပါတယ်။
ကျောက်တန်းမြို့နယ် တမံကြီးကုန်းကျေးရွာမှာ နေထိုင်တဲ့ ဒေသခံတစ်ဦးက ဆဲဆိုသူကို သြဂုတ်လ ၁၄ ရက်နေ့က ကျောက်တန်းမြို့နယ် တံတားနယ်မြေရဲစခန်းမှာ တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။