တမူးမှာ ပေါက်ကွဲမှု နှစ်ကြိမ်ဖြစ် ပွား


2017.05.16
tamu-explode-620.jpg တမူးမြို့နယ်မှာ မေလ ၁၆ ရက်နေ့က ပေါက်ကွဲမှုကြောင့် ပျက်စီးနေတဲ့အပိုင်းအစတွေကို တွေ့ရစဉ်
ဓါတ်ပုံ - မြင့်ဇော်

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့၊ ဈေးတန်း ၁၀ ရပ်ကွက်မှာ ဒီကနေ့မနက်ပိုင်းက ပေါက်ကွဲမှု ၂ ကြိမ်ဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေတော့ မရှိဘူးလို့ တမူးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးကနေ သိရပါတယ်။

၁၀ မိနစ်ခြားပြီး ပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွားခဲ့တာဖြစ်ပြီး သံတိုသံစတွေ၊ ဆိုင်ကယ်မှာ အသုံးပြုတဲ့ ဘော စိတွေ တွေ့ရှိရတယ်လို့ တမူးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဌ ဦးမြင့်ဇော် က ပြောပါတယ်။

"၂ နာရီ ၃၀ မှာ တစ်လုံး ပေါက်တယ်၊ ၂ နာရီ ၄၀ မှာ တစ်လုံးပေါက်တယ်၊ နှစ်လုံးပေါက်တယ်၊ ပုံစံကြည့် ရတာတော့ လက်လုပ်မိုင်းပုံစံ၊ ဒါပေမဲ့ ပေါက်ကွဲတာကျတော့ သူက ချိန်ကိုက်ဗုံးလိုဖြစ်နေတာလေ၊ ပစ္စည်းတွေ ထွက်လာတဲ့ဟာကျတော့ သံတိုသံစတွေ၊ ဆိုင်ကယ်ဘောတွေ အဲလိုဖြစ်နေတာ။"

ဈေးတန်း ၁၀ ရပ်ကွက်ရှိ အမှတ် (၉)၊ အလက(ခွဲ) ကျောင်းရှေ့က အိမ် ၂ အိမ်ရဲ့ ခြံစည်းရိုးနားမှာ ပလက်စတစ် အမည်းနဲ့ ထုပ်ထားတဲ့ အထုပ်တွေချသွားခဲ့တာဖြစ်တယ်လို့လည်း ပြောပါတယ်။

ပထမပေါက်ကွဲမှုဖြစ်ပြီးချိန်မှာ ပလက်စတစ်အမည်းနဲ့ ထုပ်ထားတဲ့အထုပ်တစ်ထုပ်ကို တွေ့ရှိတာကြောင့် တာဝန် ရှိသူတွေထံ သွားရောက်အကြောင်းကြားချိန်မှာ နောက်ထပ်ပေါက်ကွဲမှု ထပ်မံဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

အဲလိုပေါက်ကွဲမှုအရှိန်ကြောင့် အိမ်တွေရဲ့ ခြံစည်းရိုးတွေနဲ့ အနီးအနားက ရေတွင်းဘောင်တွေ ပျက်စီးသွားသလို စာသင်ကျောင်း ပြတင်းပေါက်မှန် ၂၄ ချပ်လောက် ကွဲသွားတယ်လို့လည်း ဦးမြင့်ဇော် က ပြောပါတယ်။

တမူးမြို့နယ်မှာ အလားတူပေါက်ကွဲမှုတွေ တစ်လ တစ်ကြိမ်နီးပါးလောက် ဖြစ်ပွားနေကြောင်း ဒေသခံတွေက ပြော ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။