နှစ်ရက်ကြာတိုက်ပွဲ စစ်တပ်က ၁၀ ဦး သေဆုံးကြောင်း တမူး PDF ထုတ်ပြန်
2022.02.18
စစ်ကိုင်းတိုင်း၊ တမူးမြို့မှာ ဖေဖော်ဝါရီ ၁၆ ရက်နဲ့ ၁၇ ရက် တိုက်ပွဲတွေအတွင်း စစ်ကောင်စီ တပ်ဘက်က တပ်ကြပ်ကြီး အပါအဝင် ၁၀ ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရရှိခဲ့တယ်လို့ တမူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း (၄) က ဖေဖော်ဝါရီ ၁၇ ရက် မနေ့က ထုတ် ပြန်ပါတယ်။
တမူး-ကလေး လမ်းမကြီး ၃ မိုင်အကျော်မှာရှိတဲ့ အစိုးရနည်းပညာအထက်တန်းကျောင်း (GTHS) မှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်သားတွေကို တမူးပြည်သူ့ကာကွယ်ရေးတပ်ရင်း (၄) က အလစ်ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ဒီတိုက်ခိုက်မှုကို ဒေသကာကွယ်ရေးအဖွဲ့ ငါးဖွဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး တပ်ဖွဲ့ဝင် အနည်းငယ် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးသလို စစ်ကောင်စီဘက်ကလည်း ထုတ်ပြန်တာ မတွေ့ရသေးပါဘူး။
ဒီတိုက်ခိုက်မှုတွေကြောင့် တမူးမြို့ပေါ်ရပ်ကွက်တွေနဲ့ ကလေး-တမူး လမ်းမကြီးပေါ်မှာရှိတဲ့ ကားနဲ့ ဆိုင်ကယ်တွေကို စစ်ကောင်စီတပ်က တင်းကျပ်စစ်ဆေးနေတယ်လို့လည်း ဒေသခံ တွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၇ ရက်နေ့ကလည်း ကလေး-တမူး လမ်းမပေါ်က စစ်ကောင်စီ ယာဥ်တန်းတစ်ခုကို တမူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ရန်လင်းဖိုင်နဲ့ ဝိတုတ် ကျေးရွာတွေအနီးမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် ရဲအရာရှိတစ်ဦးနဲ့ ရဲတပ်သား သုံးဦး သေဆုံးခဲ့တယ်လို့ တမူးပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း တမူးမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်ကြား မနေ့ကအထိ တိုက်ပွဲ ၁၅ ကြိမ်ခန့် ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။