တာမွေလျှပ်စစ်ရုံးအနီး ဗုံးနှစ်လုံးပေါက်

ရန်ကုန်မြို့ တာမွေမြို့နယ် ရှင်ပါကူဆေးရုံနားက တာမွေလျှပ်စစ်ရုံးအနီးမှာ ဒီနေ့ ဇူလိုင် ၇ ရက် ညနေပိုင်းမှာ ပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ခဲ့တယ်လို့ ရပ်ကွက်နေ ပြည်သူတစ်ယောက်က RFA ကို ပြောပါတယ်။
"ကျွန်မ ညနေ ဒီ EPC ရုံးနားက ဖြတ်လာတာပေါ့လေ။ နည်းနည်းတော့ လှမ်းတယ်။ အဲဒီနေရာနဲ့ တစ်မှတ်တိုင်လောက် အကွာမှာ ရောက်နေတာ။ အဲဒီနားမှာ ပေါက်တာပေါ့လေ။ ၃ နာရီ ၄၀ မိနစ် လောက်မှာ ပေါက်တာ။ နောက် စက္ကန့်ပိုင်းလေးပဲ အကြာမှာ နောက်တစ်လုံး ထပ်ပေါက်တယ်"
ဒီပေါက်ကွဲမှု မတိုင်ခင်မှာပဲ တာမွေက EPC ရုံးဘက်ကို စစ်ကားအကြီး နှစ်စီးသွားတာ တွေ့လိုက်ရတယ် လို့လည်း သူကဆိုပါတယ်။
ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူ ရှိ၊ မရှိ မသိရသေးပါဘူး။
တာမွေမြို့နယ်ထဲမှာ ဒီတစ်ပတ်အတွင်းမှာ လျှပ်စစ်မီတာခွန်ဆောင်ဖို့ နှိုးဆော်ထားပြီး မီတာမဆောင်တဲ့ အိမ်တွေ လျှပ်စစ်မီး ဖြတ်တောက်ခံရတာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။