တနိုင်းမြို့နယ်က ထွက်ပြေးသူတွေ ပြန်လာရမှာ စိုးရိမ်နေ


2018.04.20
tanaing-refugees-622.jpg တိုက်ပွဲတွေကြောင့် ထွက်ပြေးနေရတဲ့ တနိုင်းမြို့နယ်က ရွာသားတွေကို တွေ့ရစဉ်
Photo: Hkun Awng Nlam Facebook

ကချင်ပြည်နယ် တနိုင်းမြို့နယ်မှာ တိုက်ပွဲတွေကြောင့် ထွက်ပြေးနေရတဲ့ ထောင်နဲ့ချီတဲ့ ဒေသခံတွေကို တပ်မတော် နဲ့ ကချင်ပြည်နယ်အစိုးရက မိမိနေထိုင်ရာနေရာတွေကို ပြန်လာကြဖို့ ပြောထားပေမယ့် ဖမ်းဆီးစစ်ဆေးမှာကို စိုးရိမ်တာကြောင့် ပြန်မလာရဲကြသေးဘူးလို့ စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေတဲ့ ကချင်ပြည်နယ် အမျိုးသမီးကွန်ရက်အဖွဲ့က ပြောပါတယ်။

တပ်မတော်နဲ့ ကချင်ပြည်နယ်အစိုးရက ပြန်လာကြဖို့ ပြောထားပေမယ့် စိုးရိမ်နေကြဆဲဖြစ်တယ်လို့ ကချင်ပြည်နယ် အမျိုးသမီးများကွန်ရက်အဖွဲ့ တည်ထောင်သူ ဒေါ်နန်ပူ ကပြောပါတယ်။

"စစ်တပ်ကတော့ အောင်လော့ကျေးရွာကို ကုန်ပြန်လာပါ၊ခြောက်လ သူတို့အစားအစာတွေ ထောက် ပံ့ပါမယ်။ လုံလုံခြုံခြုံထားပါ့မယ်ပြောတယ်၊ ပြောပေမယ့် ရွာသားတွေက ကြောက်တယ်ဆိုတဲ့အသံကို ကြားရတယ်၊ ရွာပတ်ပတ်လည်မှာလည်း အစိုးရစစ်တပ်တွေရှိပြီးတော့မှ လက်နက်တွေနဲ့ ချိန်ထားတယ် ဆိုတာကြားရတယ်၊ ဇန်နဝါရီလကုန်တုန်းက တနိုင်း- ဖားကန့်မှာ ၅ထောင်လောက် ပိတ်မိတုန်းက လွတ်လာတာတောင်မှ တစ်ယောက်ချင်းစစ်ပြီးတော့ အဲလိုလုပ်တဲ့အတွက်ကြောင့် အခုလည်း သူတို့နှိပ်စက်တာတွေထပ်ပြီးတော့ လုပ်မလားဆိုတာတွေ သူတို့ကြောက်ပြီးတော့ စိုးရိမ်ပြီးတော့ အဲဒီရွာပြန်ဖို့အတွက်ကို ရွာမှာတော့ သူတို့အိမ်တွေ သူတို့ပြန်ချင်တာပေါ့၊ ပြန်ဖို့အတွက်ကို သူတို့ကြောက်နေကြတယ်လို့ ကျွန်မတို့ကြားရတယ်။"

ပြီးခဲ့တဲ့ ဧပြီလ ၁၁ ရက်နေ့ကက တပ်မတော်နဲ့ ကေအိုင်အေ တို့ တိုက်ပွဲကြောင့်  အောင်လော့ကျေးရွာ နဲ့ ဘေးပတ်ဝန်းကျင်ကျေးရွာတွေက  ဒေသခံနှစ်ထောင်ကျော်လောက်ဟာ ကျေးရွာတွေကို စွန့်ပြီး တောတွေထဲမှာ ပုန်းရှောင်နေကြတာ ဖြစ်ပါတယ်။

ထွက်ပြေးတိမ်းရှောင်နေကြတဲ့ ဒေသခံ နှစ်ထောင်ကျော်ထဲမှာ ကိုယ်ဝန်ဆောင်တွေ၊ နာမကျန်းသူတွေ၊ သက်ကြီးရွယ်အိုနဲ့ ကလေးတွေ အများဆုံးပါဝင်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၆ ရက်နေ့က ဖားကန့်မြို့နယ် တံတားညီနောင်ကျေးရွာမှာ တပ်မတော်စစ်စခန်းတစ်ခု ကို ကေအိုင်အေတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း တနိုင်းမြို့နယ်ထဲမှာ တိုက်ပွဲတွေ ဆက်တိုက် ဆိုသလို ဖြစ်ခဲ့ပါတယ်။ အခုရက်ပိုင်းအတွင်းမှာတော့ တိုက်ပွဲတွေ မရှိတော့တဲ့အတွက် ကျေးရွာတွေ ကို ပြန်လာကြဖို့ ကချင်ပြည်နယ်အစိုးရက ထွက်ပြေးသွားကြသူတွေကို တိုက်တွန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။