တနိုင်းက စစ်ဘေးဒုက္ခသည်အချို့ ဝမ်းရောဂါခံစားနေရ
2018.02.01

ကချင်ပြည်နယ် တနိုင်း-ဟူးကောင်းဒေသက တိုက်ပွဲတွေကြောင့် နမ့်ကွမ်းမှော်နဲ့ စမတ်စခန်းကြားမှာ ပိတ်မိနေ သူတွေထဲက သွေးဝမ်းသွားသူ ၂ ယောက် အပါအဝင် စုစုပေါင်း ၁၇ ယောက်ဟာ ဝမ်းရောဂါခံစားနေရတယ်လို့ ကူညီပေးရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။
အဲဒီအခြေအနေတွေနဲ့ ပတ်သက်လို့ တနိုင်းမြို့နယ်ရဲ့ အမှတ် ၂ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဇော်ဝင်းက ဒီကနေ့ ပြောပါတယ်။
"ဒီက စက်လှေတွေ လွှတ်ပြီးတော့ သွားကြိုပေးတယ်၊ စုစုပေါင်း တစ်ထောင်ကျော်ဖြစ်သွားပြီဗျ၊ အဲမှာ သူတို့ အစားအသောက်ရိက္ခာတွေ ပြတ်နေတယ်၊ ငှက်ပျောအူတောင် ပြုတ်ပြီးတော့ ဒီနေ့ စစားနေပြီ၊ မနေ့က သွေးဝမ်းသွားတာ နှစ်ယောက်ရှိတယ်၊ ဒီနေ့ ဝမ်းလျောသူ ၁၅ ယောက်လောက်ဖြစ်နေတယ်၊ အဲဒါလေး ကူညီပေးပါဦးဆိုပြီးတော့ ပြောထားတယ်၊ ပြည်ထောင်စုကိုတော့ အကျိုးအကြောင်းလှမ်းပြောထားတယ်"
တိုက်ပွဲတွေကြောင့် တနိုင်းမြို့ဘက်ကို ထွက်ပြေးလာသူတွေဟာ ဒီကနေ့အထိ အယောက် ၁ ထောင်ကျော်ရှိပြီး၊ လူ အယောက် ခန့်မှန်း ၂ ထောင်ဝန်းကျင်က ဆက်လက်ပိတ်မိနေတာပါ။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ကေအိုင်အေ တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၁၄ နဲ့ တပ်မတော်တို့ရဲ့ တိုက်ပွဲတွေ အတွင်း လက်နက်ထိမှန်တွေနဲ့အတူ မိုင်းနင်းမိမှုတွေကြောင့် လူတွေထိခိုက်သေဆုံးမှုတွေ ရှိနေပါတယ်။
ဒီကနေ့မှာလည်း မိုးကောင်း-ဖားကန့်လမ်းနဲ့ တနိုင်းလမ်းနေရာတချို့မှာ တပ်မတော်နဲ့ ကေအိုင်အေတို့ရဲ့ နှစ်ဖက် လှုပ်ရှားမှုတွေကြောင့် ခရီးသည်တင်ကားတွေနဲ့ ကုန်တင်ကားတွေရပ်ထားရတဲ့ အခြေအနေတွေရှိတယ်လို့ ဒေသခံတွေနဲ့ ကားသမားတွေက ပြောပါတယ်။
အခုရက်ပိုင်းအတွင်း ဆွမ်ပရာဘွမ်ဒေသဘက်က စစ်ရေးအခြေအနေတွေကြောင့်လည်း လမ်းတံတား တည်ဆောက်ရေး လုပ်သားတွေနဲ့ ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပြီး စာသင်ကျောင်းတချို့လည်း ပိတ်ထားရတဲ့ အခြေအနေဖြစ်ပါတယ်။