တနိုင်းက တိုက်ပွဲအတွင်း ပိတ်မိနေသူ နှစ်ရာကျော် ထပ်လွတ်လာ


2018.02.02
tanaing-war-victims-622.jpg တနိုင်းမြို့နယ်အတွင်းက တပ်မတော်နဲ့ KIA တိုက်ပွဲတွေကြောင့် ထွက်ပြေးလာသူတွေကို ၂၁၀၈ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့က တွေ့ရစဉ်
.

ကချင်ပြည်နယ် တနိုင်း-ဟူးကောင်းဒေသ ပယင်းမှော်တွေတဝိုက်က တိုက်ပွဲတွေကြောင့် ဆမတ်စခန်းနဲ့ နမ့်ကွမ်းမှော်ကြားမှာ ပိတ်မိနေသူတွေထဲက အယောက် နှစ်ရာကျော်လပြန်ထွက်လာနိုင်တာကြောင့် ဒီကနေ့အထိ ခန်မှန်းအယောက် နှစ်ထောင်လောက် တနိုင်းဘက်ကို ရောက်ရှိလာပြီလို့ ဒေသခံတွေက ပြောပါတယ်။

ပိတ်မိနေသူတွေ ပြန်ထွက်လာနိုင်တဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ တနိုင်းမြို့နယ်ရဲ့ အမှတ် ၂ မဲဆန္ဒနယ် ရဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဇော်ဝင်းက ဒီကနေ့ နေ့လည်ပိုင်းက အခုလို ပြောပြပါတယ်။

"လူဦးရေက ပထမရက်က ၆၀၀၊ နောက်ရက်ကျ ၄၃၀၊ နောက်ရက်ကျတော့ ၂၉၅ ယောက်၊ မနေ့ကဆို ၂၁၅ ယောက်ပဲလွတ်တယ်။ အခုအနေထားကဆိုရင် ဟိုဘက်မှာ ၁၇၀၀ လောက်ကျန်ဦးမှာပေါ့။ တဝက်ကျော်လောက်လောက်တော့ လွတ်လာပြီ။"

ပြီးခဲ့တဲ့ရက်ပိုင်းကစလို့ ဇီးဖြူကုန်း၊ ညောင်ပင်ကုန်း စတဲ့ ပယင်းမှော်တွေတဝိုက်မှာ တပ်မတော်နဲ့ ကေအိုင်အေ တို့ရဲ့ တိုက်ပွဲတွေအတွင်း လက်နက်ထိမှန်မှုနဲ့အတူ မိုင်းနင်းမိမှုတွေကြောင့် လူတွေ ထိခိုက်သေဆုံးမှုတွေလည်း ရှိခဲ့ပါတယ်။

ပိတ်မိနေတဲ့နေရာမှာ အယောက် ၁ ထောင်ကျော်လောက် ကျန်နေသေးပြီး အစာရေစာ ပြတ်လတ်တာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

အလားတူ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ဆွမ်ပရာဘွမ်ဒေသဘက်က စစ်ရေးအခြေအနေတွေကြောင့်လည်း လမ်းတံတားတည်ဆောက်ရေး လုပ်သားတွေနဲ့ ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရပြီး စာသင်ကျောင်းတချို့လည်း ပိတ်ထားရပါတယ်။

ဒါ့အပြင် မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအိုလမ်းကြောင်းမှာ တံတားအချို့ဖျက်ဆီးခံရလို့ ကုန်စည်ကူးသန်း သွားလာရေးတွေ ပြတ်တောက်လာလို့ ကုန်ဈေးနှုန်းတွေလည်း တက်လာတယ်လို့ ဒေသခံတွေကပြောကြပါတယ်။

ကချင်ပြည်နယ်မှာ ၁၉၆၀ ကျော်ကစလို့ ဖြစ်ပွားခဲ့တဲ့ စစ်ရေးပဋိပက္ခတွေကြောင့် လမ်းတံတား၊ မီးရထားသံလမ်နဲ့ အစိုးရအဆောက်အဦများစွာ ဖျက်ဆီးခံရမှုနဲ့အတူ တိုင်းရင်းသားပြည်သူတွေဟာလည်း စစ်ဘေးဒုက္ခမျိုးစုံကို ကာလရှည်ကြာ ကြုံတွေ့နေကြရတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။