ပိတ်မိနေသူတွေကို ကူညီဖို့ အမျိုးသမီးကွန်ရက် တောင်းဆို


2018.04.18
tanaing-war-victims-622.jpg တနိုင်းမြို့နယ်အတွင်းက တပ်မတော်နဲ့ KIA တိုက်ပွဲတွေကြောင့် ထွက်ပြေးလာသူတွေကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့က တွေ့ရစဉ်
.

ကချင်ပြည်နယ် တနိုင်းမြို့နယ် အောင်လေ့ကျေးရွာမှာ တပ်မတော်နဲ့ ကေအိုင်အေ တို့ကြား တိုက်ပွဲတွေကြောင့် ပိတ်မိနေတဲ့ ဒေသခံ နှစ်ထောင်ကျော်ကို အမြန်ဆုံးလွတ်မြောက်အောင် ဆောင်ရွက်ပေးဖို့ ကချင်ပြည်နယ်၊ အမျိုးသမီးများကွန်ရက်အဖွဲ့က ကချင်ပြည်နယ် ဝန်ကြီးချုပ်ကို မနေ့က စာပေးပို့ တောင်းဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၁၁ ရက်နေ့ကတည်းက အောင်လော့ကျေးရွာနဲ့ ဘေးပတ်ဝန်းကျင်ရွာက ဒေသခံတွေဟာ တောထဲကို ထွက်ပြေးတိမ်းရှောင်နေရင်း ပိတ်မိနေတာဖြစ်တဲ့အတွက် အစိုးရက ကူညီပေးဖို့တောင်းဆိုတာ ဖြစ်တယ်လို့ ကချင်ပြည်နယ်၊ အမျိုးသမီးများကွန်ရက်အဖွဲ့ တည်ထောင်သူ ဒေါ်နန်ပူက ပြောပါတယ်။

"တောထဲမှာရောက်တာ တစ်ပတ်လောက်ရှိနေပြီဆိုတော့ ဆက်သွယ်လို့လည်း ကျမတို့ မရတော့ဘူး။ ပထမပိုင်း တော့ နည်းနည်းရတယ်။ အခုဟာက ဖုန်းဘက်ထရီတွေလည်းကုန်ပြီ။ ပြီးတော့ တောထဲမှာ ဆက်သွယ်လို့မရတဲ့ နေရာတွေမှာ တကွဲတပြားဆီ ရောက်ကုန်ပြီဆိုတော့ ကျမတို့ ပိုပြီးတော့ စိုးရိမ်တယ်"

တိုက်ပွဲတွေကြား ပိတ်မိတဲ့အထဲမှာ ကိုယ်ဝန်ဆောင်တွေ၊ နာမကျန်းသူတွေ၊ သက်ကြီးရွယ်အိုနဲ့ ကလေးတွေ အများဆုံးပါဝင်နေတဲ့အတွက် အစာရေစာပြတ်လပ်ပြီး သူတို့ရဲ့ အသက်အန္တရာယ်ကို စိုးရိမ်နေရတယ်လို့ ကချင်ပြည်နယ်ဝန်ကြီးချုပ်ကို တိုက်တွန်းတောင်းဆိုတဲ့စာမှာ ဖော်ပြထားပါတယ်။

ဧပြီလ ၁၁ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် အောင်လော့ရွာက ဒေသခံ တစ်ယောက်သေဆုံးပြီး တစ်ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိ စစ်ပွဲကြားမှာ ပိတ်မိနေတဲ့ ဒေသခံတွေ အမြန်ဆုံးဘေးလွတ်ရာရောက်လာနိုင်ဖို့ ကချင် ခရစ်ယာန် ဂိုဏ်းပေါင်းစုံ ဘာသာရေး ခေါင်းဆောင်တွေနဲ့ ကချင်ပြည်နယ် လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာ ချထားရေး ဦးစီးဌာနတို့က တနိုင်းမြို့မှာ  တပ်မတော်နဲ့ ဒီနေ့မနက် သွားရောက်တွေ့ဆုံသွားဖို့ ရှိတယ်လို့လည်း ဒေါ်နန်ပူက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ကချင်ပြည်နယ် လူမှုရေးဝန်ကြီးကို ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

ပြီးခဲ့တဲ့ ဧပြီလ ၆ ရက်နေ့က ဖားကန့်မြို့နယ် တံတားညီနောင်ကျေးရွာမှာ တပ်မတော် စခန်းတစ်ခုကို ကေအိုင်အေ က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း ကချင်ပြည်နယ်ထဲမှာ တိုက်ပွဲတွေ နေ့စဉ်ရက်နီးပါး ဖြစ်ပွားနေတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။