တန့်ယန်း ဒုက္ခသည်တွေကို မြို့ပေါ်မှာ ပြန်နေရာချမည်
2013.05.02

ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်း၊ တန်ယန်းမြို့နယ်၊ ရပ်ကွက်အမှတ်(၄) အောင်မင်္ဂလာဘုန်းကြီးကျောင်းမှာ ခိုလှုံခွင့်ပေးထားတဲ့ စစ်ပြေးဒုက္ခသည်တွေကို ရပ်ကွက်အမှတ်(၅)မှာ ပြန်လည်နေရာချထားပေးဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
အဲဒီလိုစီစဉ်ပေးနေတာနဲ့ ပတ်သက်ပြီး ဒုက္ခသည်တွေကို ကူညီပေးနေတဲ့ တန့်ယန်းဒေသခံ ကိုစိုင်းအောင်ပက အခုလိုပြောပါတယ်။
"သူတို့လုပ်ငန်းခွင်ဝင်ဖို့ကလည်း တောင်ပေါ် က အေးတယ်၊ ပြန်သွားလည်း ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး၊ အခုသူတို့ကိုထားတာ ဘုန်းကြီးကျောင်းဆိုတော့ ရေရှည်ကတော့ အဆင်မပြေလောက်ဘူး၊ ပြန်လည်နေရာ ချထားပေးဖို့ ကျနော်တို့ တန့်ယန်းအုပ်ချုပ်ရေးအဖွဲ့အနေနဲ့ မြေစာရင်းတို့ ဘာတို့နဲ့ ဌာနပေါင်းစုံ တိုင်ပင်ပြီးတော့ နေရာကတော့ရှာထားပြီးပြီဗျ၊ အခုစလုပ်ဖို့ကို ပြင်ဆင်နေပြီ၊ သစ်တွေ ဝါးတွေအကုန်လုံး ရောက်လို့ရှိရင်တော့ တန်းလျားဆောက်ပေးမှာပေါ့၊ သောက်သုံးရေ ကျတော့ ရေသန့်တွေကို တူးပေးရလိမ့်မယ်၊ ဒီလထဲကို ပြီးနိုင်လောက်မယ်တော့ မှန်းထားတယ်"
လက်ရှိမှာတော့ ဒုက္ခသည်စခန်းမှာရှိတဲ့ ဒုက္ခသည် တစ်ရာဝန်းကျင်လောက်က တန့်ယန်းမြို့ပေါ်က နီးစပ်ရာဆွေမျိုးတွေဆီ ပြီးခဲ့တဲ့လကုန်ပိုင်းကစပြီး အသုတ်လိုက်ပြောင်းရွှေ့နေကြတာကြောင့် စခန်းမှာဒုက္ခသည် သုံးရာလောက်သာ ကျန်ရှိတော့တယ်လို့ သိရပါတယ်။
ဒုက္ခသည်တွေ စားရေးသောက်ရေးအတွက်ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့က ၁ လစာနဲ့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးဌာနက ၁ လစာ လှူဒါန်းထားတာကြောင့် နှစ်လစာအတွက် ဖူလုံမှုရှိနေသေးတယ်လို့ ကိုစိုင်းအောင်ပက ဆိုပါတယ်။ မြို့ပေါ်ကို ပြောင်းရွှေ့သွားကြတဲ့ ဒုက္ခသည်တွေကိုလည်း စားနပ်ရိက္ခာဖူလုံမှုရှိအောင် ရက်၂၀ စာ ထည့်ပေးလိုက်တယ်လို့ သိရပါတယ်။