တနိုင်းမြို့ပေါ် ထွက်ပြေးလာသူ ၄၀၀ ကျော်ရှိ
2017.06.07

ကချင်ပြည်နယ် တနိုင်းဒေသမှာ ကေအိုင်အေနဲ့ ထိစပ်နေတဲ့ နယ်မြေတွေမှာ တရားမဝင် တူးဖော်နေတဲ့ ရွှေ နဲ့ ပယင်းမှော် တွေကို တပ်မတော် က နယ်မြေရှင်းလင်းရေး ဆောင်ရွက်မှာ ဖြစ်တာကြောင့် မနေ့ကညနေပိုင်းအထိ အဲဒီဒေသဘက်ကနေ တနိုင်းမြို့ဘက် ထွက်ပြေးလာသူ ၄၀၀ ကျော်ရှိနေတယ်လို့ သိရပါတယ်။
ဒီကနေ့ ထပ်မံရောက်ရှိလာတဲ့ အရေအတွက်ကိုတော့ မသိရှိရသေးပါဘူး။ နောက်ဆုံးအခြေအနေတွေနဲ့ ပတ်သက်လို့ တနိုင်းမြို့နယ် အုပ်ချုပ်ရေးရုံးကို RFA က အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းခဲ့ပေမယ့် တာဝန်ရှိသူ ကွင်းဆင်းနေတယ်လို့သာ ပြန်လည်ဖြေကြားခဲ့ပါတယ်။
အဲဒီလိုထွက်ပြေးလာကြသူတွေဟာ နိုင်ငံအနှံ့က ရွှေ့ပြောင်းလုပ်သားတွေနဲ့ စိုက်ပျိုးရေးလုပ်ကိုင်နေကြတဲ့ ဒေသခံရွာသားတွေ ဖြစ်ပြီး တနိုင်းမြို့ပေါ်က ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းနဲ့ ခရစ်ယာန်ဘုရား ရှိခိုးကျောင်းတွေမှာ ခိုလှုံနေသူတွေရှိသလို မူလမြို့ရွာတွေဘက် ပြန်နေကြသူတွေလည်းရှိပါတယ်။
တနိုင်းဘက် ထွက်ပြေးလာသူတွေကို မော်တော်ကားတွေနဲ့ သွားရောက်သယ်ဆောင်ပေးတာတွေရှိသလို မနေ့က စက်လှေ ၁၂ စီး ဒီကနေ့မှာ စက်လှေ ၄ စီး စုစုပေါင်း စက်လှေ ၁၆ စီး နဲ့ သွားရောက်ခေါ်ဆောင်နေတယ်လို့ သိရပါတယ်။
အစိုးရတပ်မတော်က ပြီးခဲ့တဲ့ ဇွန်လ ၅ ရက်နေ့က ကေအိုင်အေတပ်မဟာ ၂ နဲ့ ထိစပ်နေတဲ့နယ်မြေအတွင်း နမ်ဗြူ၊ ထန်းပလား၊ အောင်လွတ်၊ နမ့်ကွမ်းစတဲ့ တရားမဝင် ရွှေ နဲ့ ပယင်းမှော် တွေဘက်မှာ နယ်မြေရှင်းလင်းရေးဆောင် ရွက်မယ့်အကြောင်း ရဟတ်ယာဉ်ပေါ်ကနေ အသိပေးစာတွေ ဖြန့်ချခဲ့တာဖြစ်ပါတယ်။
အဲဒီစာထဲမှာ တရားမဝင် ရွှေနဲ့ပယင်းတွေ တူးဖော်လုပ်ကိုင်တာကြောင့် တနိုင်းဒေသ သဘာဝပတ်ဝန်းကျင် ပျက်စီးနေရကြောင်း၊ နိုင်ငံတော်ဝင်ငွေ ဆုံးရှုံးပြီး ကေအိုင်အေက လုပ်ငန်းရှင်တွေထံကနေ ငွေတွေရရှိနေကြောင်း ပါရှိပါတယ်။
ဒါ့အပြင် နယ်မြေရှင်းလင်းရေးဆောင်ရွက်ချိန်မှာ ပြည်သူတွေထိခိုက်သေဆုံးမှာကို မလိုလားတာကြောင့် ဇွန် ၁၅ ရက်နေ့ နောက်ဆုံးထားထွက်ခွာကြဖို့နဲ့ မထွက်ခွာသူတွေကို ကေအိုင်အေ အကြမ်းဖက် သောင်းကျန်းသူအဖွဲ့နဲ့ ပူးပေါင်းသူတွေအဖြစ် သတ်မှတ်မှာဖြစ်ကြောင်း လည်းဖော်ပြထားပါတယ်။
ရွှေ့ပြောင်းထွက်ပြေးလာသူတွေကို တပ်မတော်၊ ရဲတပ်ဖွဲ့၊ ဋ္ဌာနဆိုင်ရာတွေ၊ လူမှုရေး နဲ့ ဘာသာရေးအသင်း အဖွဲ့တွေ၊ လွှတ်တော်ကိုယ်စားလှယ်နဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းပြီး ကူညီပေးနေပါတယ်။