တနိုင်းမြို့ပေါ် ထွက်ပြေးတိမ်းရှောင် လာသူ တစ်ထောင်ကျော်ရှိ
2017.06.11

ဇွန်လ ၁၅ ရက်နေ့ နောက်ဆုံးထားပြီး ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်အတွင်းမှာရှိတဲ့ ရွှေနဲ့ ပယင်းမှော်တွေမှာ အလုပ်လုပ်ကိုင်နေကြသူတွေ ထွက်ခွာပေးဖို့ အစိုးရတပ်မတော်က အသိပေးစာထုတ်ပြန်ပြီးနောက် မှော်တွေ က နေထွက်ပြေးလာသူ တစ်ထောင်ကျော်ဟာ တနိုင်းမြို့ပေါ်ကို ရောက်ရှိနေတယ်လို့ ကူညီကယ်ဆယ်ရေး အဖွဲ့တွေက ပြောပါတယ်။
တနိုင်းမြို့နယ်၊ တိုက်ဖာကျေးရွာမှာ တနိုင်းမြို့ပေါ်ကို လာဖို့ ကြိုးစားနေသူ ၄ ထောင် ကျော် လောက်ရှိနေသေးတယ် လို့ ထွက်ပြေးလာသူတွေကို ကူညီပေးနေတဲ့ ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ်ရဲ့ အထွေထွေအတွင်းရေးမှူး ဒေါက် တာဆမ်ဆွန် ကပြောပါတယ်။
"တိုက်ဖာဆိုတဲ့နေရာမှာလည်း ပိတ်ဆို့နေတာတွေရှိတယ်။ တိုက်ဖာဆိုတဲ့ရွာမှာ လွယ်ကူတဲ့လမ်းကနေ အများကြီးတခါတည်းလာလို့ရတယ်။ အခုတိုက်ဖာကနေ ပတ်သွားရတယ်ဆိုတော့ လမ်းကကွေ့ပြီး ခက်ခဲတော့ လာတဲ့သူက အဲ့ကနေ စက်လှေကနေတဆင့် ကားနဲ့ပြန်လာရတာကို ဆိုတော့ ဟိုးအဝေးကြီးကနေ ပတ်လာ ရတယ်ဆိုတော့ အားလုံးက ဒုက္ခရောက်တာပေါ့။ ဒုက္ခရောက်တော့ အဲဒီရေကြောင်းလမ်းမှာပဲ ပိတ်ဆို့နေ တာ အများကြီးပဲ လေးငါးထောင်လောက် ရှိမယ် အဲ့မှာတောင်"
အစိုးရတပ်မတော်ဘက်က နယ်မြေရှင်းလင်းရေးဆောင်ရွက်ဖို့ရှိတာကြောင့် တနိုင်းမြို့နယ်အတွင်းက ရွှေနဲ့ ပယင်းထွက်တဲ့ ထန်းပလား၊ ဝမ်းပလာ၊ အောင် လွတ်၊ တုံမဏီ၊ ချောင်းဆုံ၊ နန်ဗြူ၊ ဂျာအောင်ဘာ၊ ဇီးဖြူကုန်း၊ ညောင်ပင်ကုန်းနဲ့ နမ့်ကွမ်းမှော်တွေက လုပ်သားတွေကို ထွက်ခွါပေးဖို့ အခုလဆန်းပိုင်းက အသိပေးထားတာ ဖြစ်ပါတယ်။
မှော်တွေ အတွင်းအလုပ်လုပ်ကိုင်နေကြတဲ့ ဗန်းမော်၊ မိုးကုတ်နဲ့ ရခိုင်ပြည်နယ်ဘက်က ရွှေ့ပြောင်းလုပ်သားတွေ အနေနဲ့လည်း ဒီရက်ပိုင်းအတွင်း နေရပ်ပြန်ကြ တာတွေ များနေတယ်လို့ ပြောပါတယ်။
ဒါ့အပြင် အစိုးရတပ်မတော်နဲ့ ကေအိုင်အေတို့ဟာ အခုလဆန်းပိုင်းက စတင်ပြီး တနိုင်းမြို့နယ် အတွင်းက နန်ဗြူနဲ့ အင်ဂါးဂါးကျေးရွာတဝိုက်မှာ တိုက်ပွဲတွေဖြစ်နေတဲ့အတွက် အဲဒီကျေးရွာက ဒေသခံတွေလည်း တနိုင်းမြို့ပေါ်ကို ထွက်ပြေးလာသူတွေ ထဲမှာ ပါဝင်တယ်လို့ ပြောပါတယ်။
ကေအိုင်အေဘက်ကလည်း ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်းက မိုးကောင်း-ကာမိုင်း၊ လဝါး-ကာမိုင်း၊ ကာမိုင်း-ဖားကန့်နဲ့ ဝှေ့ခါ-ဖားကန့် လမ်းတွေမှာ ည၇ နာရီကနေ မနက် ၆ နာရီအတွင်း ဖြတ်သန်းသွားလာမှု မပြုလုပ်ဖို့ ဒေသခံတွေကို အသိပေးထားပါတယ်။