တနိုင်းမှော်တွေက ထွက်ပြေးလာ သူ ၄၀၀ နီးပါး ခန္တီးကို ရောက်ရှိ


2017.06.14
tanine-refugees-620.jpg တနိုင်းမြို့ပေါ် ထွက်ပြေးခိုလှုံနေသူတွေကို တွေ့ရစဉ်
Photo: Doi Bu/ Facebook

ကချင်ပြည်နယ် တနိုင်းမြို့နယ်က ရွှေနဲ့ ပယင်းမှော်တွေကနေ ထွက်ပြေးလာကြတဲ့ ရွှေ့ပြောင်းအလုပ်သမား ၄၀၀ နီးပါးဟာ စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့ကို မနေ့ညက ရောက်ရှိလာပါတယ်။

စက်လှေ ၅ စီးနဲ့ ရောက်လာကြတာဖြစ်တယ်လို့ ခန္တီးမြို့နယ်၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာ ချထားရေး ဦးစီးဌာန ဒုတိယဦးစီးမှူး ဦးသုတစိုး က ပြောပါတယ်။

"၇ နာရီခွဲကနေ ၁၀ နာရီခွဲလောက်အထိကို အားလုံး စက်လှေ ၅ စီးနဲ့ လူ ၃၀၀ ကျော်ပေါ့နော်၊ ရောက်ပြီးတော့ သူတို့က အဲ့မှာ ညတွင်းချင်းပဲ လက်မှတ်တွေဖြတ်၊ တချိုလည်း တည်းခိုခန်းတွေမှာတည်းပြီးတော့ မနက်ပိုင်းမှာ ပြန်ထွက်သွားကြတာ၊ အမြန်ရေယာဉ်တွေက ညပိုင်းကို မထွက်ခိုင်းတော့ဘူးလေ၊ အန္တရာယ်ရှိလို့ပေါ့၊ ညပိုင်းမှာ ခန္တီးမှာနားရတော့ မော်တော်တွေက ကပ်ရတာဖြစ်တဲ့အတွက် သူတို့က ခန္တီးကို ရောက်လာတာပါ"

ထွက်ပြေးလာသူတွေကို ခန္တီးမြို့က ဘုန်းကြီးကျောင်း ၂ ကျောင်းမှာ တည်းခိုဖို့ စီစဉ်ပေးထားခဲ့ပေမယ့် အနည်းငယ်သာ တည်းခိုကြပြီး အများစု က ရေယာဉ်တွေပေါ်နဲ့ တည်းခိုခန်းတွေမှာ နေကြပြီး သူတို့ရဲ့ နေရပ်ကို ဆက်လက်ထွက်ခွာသွားကြတာ ဖြစ်ပါတယ်။

ခန္တီးမြို့ကို ရောက်ရှိလာသူတွေဟာ ဟုမ္မလင်း၊ မော်လိုက်၊ ဖောင်းပြင်၊ မင်းကင်း၊ ကသာနဲ့ မန္တလေး စတဲ့ဒေသတွေဘက်မှာ နေထိုင်ကြသူတွေ ဖြစ်တယ်လို့လည်း သိရပါတယ်။

တနိုင်းက ရွှေနဲ့ ပယင်းမှော်တွေမှာ မိသားစုလိုက် သွားရောက်လုပ်ကိုင်ကြတာမျိုးတွေလည်း ရှိတာကြောင့် ထွက်ပြေးလာသူတွေထဲမှာ အမျိုးသမီးနဲ့ ကလေးတွေ လည်း ပါဝင်နေတယ်လို့ သိရတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၅ ရက်နေ့က အစိုးရတပ်မတော်က ကေအိုင်အေတပ်မဟာ ၂ နဲ့ ထိစပ်နေတဲ့ နယ်မြေအတွင်း နမ်ဗြူ၊ ထန်းပလား၊ အောင်လွတ် နဲ့ နမ့်ကွမ်းစတဲ့ တရားမဝင် ရွှေနဲ့ ပယင်းမှော် တွေဘက်မှာ နယ်မြေ ရှင်းလင်းရေးဆောင်ရွက်မှာဖြစ်တဲ့အတွက် ဇွန်လ ၁၅ ရက်နေ့ နောက်ဆုံးထား ဖယ်ရှားပေးဖို့ လေယာဉ်ပေါ် ကနေ စာတွေဖြန့်ဝေခဲ့တာဖြစ်ပါတယ်။

အဲဒီစာအရ မနက်ဖြန်နောက်ဆုံး သတ်မှတ်ရက် ဖြစ်တာကြောင့် ထွက်ပြေးတိမ်းရှောင်နေသူ ၅ ထောင်ခန့် ရှိနေပြီး တနိုင်းမြို့ပေါ်မှာ အများအပြား ရောက်ရှိနေ သလို မူလနေရပ်ကို ပြန်နေကြသူတွေလည်း ရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။