တနိုင်း စစ်ပြေးဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေး ညှိနှိုင်းနေ
2017.09.04
တပ်မတော်နဲ့ ကေအိုင်အေတို့ စစ်ရေးတင်းမာနေကြတဲ့အတွက် ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်အတွင်းမှာရှိတဲ့ ရွှေနဲ့ ပယင်းမှော်ဒေသကနေ တနိုင်းမြို့ပေါ်ကို ထွက်ပြေးလာတဲ့သူတွေ နေရပ်ပြန်နိုင်ဖို့အတွက် တပ်မတော်နဲ့ အစိုးရ အကူအညီနဲ့ ဆောင်ရွက်ပေးသွားမယ်လို့ ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါက်တာ ခလမ်ဆမ်ဆွန်က ပြောပါတယ်။
တနိုင်းမြို့ပေါ်ကို ရောက်နေသူတွေရဲ့ဆန္ဒအရ နေရပ်ပြန်နိုင်ရေးကိစ္စတွေ ကူညီဆောင်ရွက်ပေးသွားမှာ ဖြစ်တယ်လို့ ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ်ရဲ့ အထွေထွေအတွင်းရေးမှူး ဒေါက်တာဆမ်ဆွန် က ပြောပါတယ်။
"အခုဒီညနေတွေ့မယ်၊ တနိုင်းမှာရောက်နေတဲ့ စစ်ရှောင်တွေရဲ့ နေရပ်ပြန်နိုင်ရေးပေါ့နော်၊ သူတို့ရဲ့ဆန္ဒကိုမေးပြီး မှ သူတို့ ဖြစ်စေချင်တဲ့အတိုင်း ကျနော်တိ့ုက သက်ဆိုင်ရာအစိုးရနဲ့ စစ်တပ်ကို ညှိနှိုင်းပြီးမှ အဲ့ဒါပြန်ဖို့ ကျနော်တို့က အစီအစဉ်လုပ်သွားမှာ ဖြစ်ပါတယ်။"
မြစ်ကြီးနားအခြေစိုက် ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ PCG နဲ့ ဘာသာရေးခေါင်းဆောင်တွေဟာ ဒီနေ့ ညနေမှာ ဒုက္ခသည်တွေနဲ့ တွေ့ဆုံဆွေးနွေးပြီး မနက်ဖြန်မှာ တနိုင်းကနေပြန်မှာဖြစ်ပါတယ်။ လာမယ့် စက်တင်ဘာလ ၆ ရက်နေ့မှာ အစည်းအဝေးပြုလုပ်ကာ နေရပ်ပြန်နိင်ရေးအတွက် ဆက်လက်ဆောင်ရွက်စရာရှိတာတွေ လုပ်သွားမယ် လို့လည်း ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၅ ရက်နေ့က အစိုးရတပ်မတော်က ကေအိုင်အေတပ်မဟာ ၂ နဲ့ ထိစပ်နေတဲ့ နယ်မြေအတွင်း နမ်ဗြူ၊ ထန်းပလား၊ အောင်လွတ်နဲ့ နမ့်ကွမ်းစတဲ့ တရားမဝင် ရွှေနဲ့ ပယင်းမှော်တွေဘက်မှာ နယ်မြေရှင်းလင်းရေး ဆောင် ရွက်မှာဖြစ်တဲ့အတွက် အဲဒီနေရာတွေမှာ နေထိုင်လုပ်ကိုင်သူတွေ ဇွန်လ ၁၅ ရက်နေ့ နောက်ဆုံးထား ဖယ်ရှားပေးဖို့ လေယာဉ်ပေါ်ကနေ စာတွေဖြန့်ဝေခဲ့တာဖြစ်ပါတယ်။
အဲဒီစာတွေ ဖြန့်ဝေခဲ့ပြီးနောက်ပိုင်း တနိုင်းမြို့နယ်အတွင်းမှာရှိတဲ့ ရွှေနဲ့ ပယင်းမှော်တွေမှာ အလုပ်လုပ်ကိုင်နေကြ သူတွေဟာ တနိုင်းမြို့ပေါ်နဲ့ မူလနေရပ်တွေဆီကို ထွက်ပြေးတိမ်းရှောင်လာကြတာလည်း ဖြစ်ပါတယ်။
လက်ရှိအချိန်အထိ တနိုင်းမြို့ပေါ်မှာ ထွက်ပြေးတိမ်းရှောင်လာသူ ၁ ထောင်ကျော်ရှိနေပြီး သူတို့တွေဟာ ပြီးခဲ့တဲ့ ဇွန်လထဲက ထွက်ပြေးလာတဲ့သူတွေ ဖြစ်ပါတယ်။