အေးမွန်သာကျေးရွာက ရေဘေး သင့်သူတွေ စားနပ်ရိက္ခာ လိုအပ်နေ


2017.01.18
ayemonthar-620.jpg တနင်္သာရီမြို့နယ် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အရပ်ဖက်အဖွဲ့တချို့ အေးမွန်သာကျေးရွာသားတွေကို ဇန်နဝါရီလ ၁၆ ရက်နေ့က စားနပ်ရိက္ခာတွေ လှူဒါန်းနေစဉ်
Photo: Aung Kyaw Hein/ Facebook

ရေလွှမ်းခံထားရတဲ့ မြန်မာ-ထိုင်းနယ်စပ်နားက တနင်္သာရီမြို့နယ် အေးမွန်သာ ခေါ် ချောင်ချိ ကျေးရွာမှာ ဒေသခံ ၁၅၀၀ ကျော်အတွက် အရေးပေါ် စားနပ်ရိက္ခာတွေ လိုအပ်နေတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်ရက်လောက်က ထိုင်းနယ်စပ်ကို သွားရောက်ပြီး အေးမွန်သာကျေးရွာအတွက် ဆန်အိတ်တွေ ပို့ဆောင်ပေးခဲ့တဲ့ တနင်္သာရီမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရဲမြင့်ဆွေ က ဒေသခံတွေ ရဲ့လိုအပ်ချက်တွေကို ပြောတာဖြစ်ပါတယ်။

"ထိုင်းထဲကိုသွားတဲ့ တောင်ပေါ်လမ်းက လုံးဝရေတိုက်စားပြီးတော့ ပျက်စီးသွားတဲ့ အနေအထားဖြစ်သွားတယ်၊ သစ်ပင်တွေလည်းပိတ်ပြီးတော့ လုံးဝသွားလို့မရပဲဖြစ်နေတယ်၊ ရေဘေးသင့်တဲ့ အိမ်ထောင်စုက ၂၂ စုရှိတယ်၊ လူဦးရေ ၁ဝဝ ရှိတာပေါ့နော်၊ စားနပ်ရိက္ခာပြတ်တဲ့ဟာဖြစ်သွားတယ်"

ပြီးခဲ့တဲ့တပတ်လောက်ကစပြီး အေးမွန်သာ ခေါ် ချောင်ချိကျေးရွာမှာ အချိန်အခါမဟုတ် မိုးကြီးခဲ့တာဖြစ်ပါ တယ်။ အေးမွန်သာကျေးရွာဟာ လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး အကူအညီတွေ မရောက်တဲ့နေရာဖြစ်တယ် လို့ ပြောပါတယ်။

အလားတူ ချောင်းလမုကျေးရွာ၊ တောင်ပလပ်ကျေးရွာနဲ့ မောတောင်ဒေသက အမှတ် ၉ ရွာတွေမှာ ရေကြီးရေ လျှံတာတွေ ဖြစ်နေပြီး အိမ်ထောင်စု ၁၄၀ လောက် ဘေးလွတ်ရာ ဘုန်းကြီးကျောင်းနဲ့ တောင်ကုန်းတွေ မှာ ပြောင်းရွှေ့နေကြရတယ်လို့ သိရပါတယ်။

တနင်္သာရီမြို့နယ် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အရပ်ဖက်အဖွဲ့တချို့ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ထိုင်းနယ်စပ်ကို သွားရောက်ပြီး ဆန်အိတ်တချို့ပို့ဆောင်ပေးခဲ့သလို အေးမွန်သာကျေးရွာက ဒေသခံတချို့နဲ့ တေ့ွဆုံပြီး လိုအပ် တာတွေကို မေးမြန်းခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။