နယ်စပ်လုံခြုံရေး တိုးမြှင့်ဖို့ တနင်္သာရီ ဝန်ကြီးချုပ် တင်ပြ
2016.08.04

တနင်္သာရီတိုင်း ထိုင်း-မြန်မာနယ်စပ်ဂိတ်တွေဖြစ်တဲ့ မောတောင်၊ ထီးခီးနဲ့ ကော့သောင်း နယ်စပ်ဂိတ်တွေမှာ သီးသန့်လုံခြုံရေးအင်အား တိုးမြှင့်ပေးဖို့ အရေးပေါ်စီမံခန့်ခွဲရေး အစည်းအဝေးမှာ တိုင်းဒေသကြီး ဝန်ကြီး ချုပ် ဒေါက်တာ လဲ့လဲ့မော်က တောင်းဆိုလိုက်ပါတယ်။
ဒီနေ့ နေပြည်တော်က ပြည်ထဲရေးဝန်ကြီးဌာနရုံးမှာ ကျင်းပတဲ့ အရေးပေါ်စီမံခန့်ခွဲရေး ဗဟိုကော်မတီ အစည်းအဝေး မှာ တင်ပြတောင်းဆိုခဲ့တာဖြစ်တယ်လို့ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော် က ပြောပါတယ်။
"အင်အားတောင့်လို့ရှိရင် အင်အားဖြည့်ပေးရမှာပေါ့၊ တနင်္သာရီတိုင်းက လုံခြုံရေးအတွက် အင်အားအနည်းဆုံးပဲ ချထားပေးတယ်၊ နယ်စပ်ဂိတ်ပေါက်တွေရှိတော့ ကျမက လုံခြုံရေးတိုးတောင်းလိုက်တာ၊ နယ်စပ်အဝင်အထွက် ဆိုတာ အရမ်းအရေးကြီးတယ်လေ အရင်ကတည်းက ကျမတို့ဒေသမှာ လုံခြုံရေးအတွက် သီးသန့်အဖွဲ့ဆိုလို့မရှိ ဘူး၊ တခြားပြည်နယ်နဲ့ တိုင်းတွေမှာဆို ၄ ဖွဲ့၊ ၅ ဖွဲ့ထားတာ၊ ကျမတို့ဒေသအတွက်လည်း လိုအပ်နေပြီပေါ့နော်၊ တနင်္သာရီတိုင်းက မောတောင်နယ်စပ်ဂိတ်တွေ၊ ထီးခီးနယ်စပ်ဂိတ်တွေ၊ ကော့သောင်းနယ်စပ်ဂိတ်တွေ ရှိနေတော့ အဲ့အတွက်လုံခြုံရေးတိုးတောင်းတာ"
နယ်စပ်ဂိတ်တွေ လုံခြုံရေးချထားရာမှာ တနင်္သာရီတိုင်းက နယ်စပ်ဂိတ်တွေဟာ အနည်းဆုံးဖြစ်နေပြီး သီးသန့် လုံခြုံရေးအဖြစ် တိုးမြှင့်ချထားပေးဖို့ တောင်းဆိုတာဖြစ်တယ်လို့ ပြောပါတယ်။
ဒီနေ့အစည်းအဝေးကို တိုင်းနဲ့ ပြည်နယ်အသီးသီးက ဝန်ကြီးချုပ်တွေအပြင် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးတွေ လည်း တက်ရောက်ခဲ့ကြပြီး ဒေသအသီးသီးရဲ့ လိုအပ်ချက်တွေကို တင်ပြခဲ့ကြတယ်လို့ ပြောပါတယ်။
အရေးပေါ်စီမံခန့်ခွဲရေး ဗဟိုကော်မတီကို ဥက္ကဌအဖြစ် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ ပြည်ထဲရေး၊ ကာကွယ်ရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတွေ၊ တိုင်းနဲ့ ပြည်နယ်အသီးသီးက ဝန်ကြီးချုပ်တွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။
ဒါ့အပြင် ရေကြီးရေလျှံမှုတွေဖြစ်နေတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက ဝန်ကြီးချုပ်တွေကို သီးသန့် တွေ့ဆုံပြီး အရေးပေါ်ကယ်ဆယ်ရေး ဆောင်ရွက်ပေးနိုင်မယ့်အခြေအနေတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြတယ် လို့ ပြောပါတယ်။
မနက်ဖြန် နေပြည်တော်မှာ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ နေရာချထားရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေနဲ့ တိုင်းနဲ့ပြည်နယ်အသီးသီးက ဝန်ကြီးချုပ်တွေ ဆက်လက်တွေ့ဆုံသွားဖို့ ရှိပါတယ်။