တနင်္သာရီရေဘေးဒုက္ခသည်တွေ ကယ်ဆယ်ရေးစခန်းကနေ မပြန်နိုင်သေး

ဒီလလယ်လောက်ကစပြီး တနင်္သာရီမြို့ပေါ်ရပ်ကွက်တွေနဲ့ ကျေးရွာ ၁၈ ရွာမှာ ရေမကျသေး တာကြောင့် ရေဘေးဒုက္ခသည် ၆ ထောင်ကျော် ကယ်ဆယ်ရေးစခန်းတွေကနေ မပြန်နိုင်သေးဘူး လို့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောပါတယ်။

ရေကြီးနေတဲ့ တနင်္သာရီမြို့ကို တွေ့ရစဉ် Photo: Aung Kyaw Hein

ဒီလလယ်လောက်ကစပြီး တနင်္သာရီမြို့ပေါ်ရပ်ကွက်တွေနဲ့ ကျေးရွာ ၁၈ ရွာမှာ ရေမကျသေးတာကြောင့် ရေဘေး ဒုက္ခသည် ၆ ထောင်ကျော် ကယ်ဆယ်ရေးစခန်းတွေကနေ မပြန်နိုင်သေးဘူးလို့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦး က ပြောပါတယ်။  

ရေကကျမသွားလို့ မြို့တွင်းမှာ ရေညစ်ညမ်းမှုတွေ ဖြစ်ပေါ်နေတယ်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဟိန်း က ပြောပါတယ်။

"မြို့ပေါ်မှာရှိတဲ့ရေတွေက နည်းနည်းကြာလည်းကြာပြီဆိုတော့ နည်းနည်းအနံ့အသက်တွေက မကောင်းတော့ဘူး၊ အဲဒီရေထဲကို ဆင်းလိုက်ရင် ယားပြီးတော့ အကွက်လေးတွေပေါ်တာတို့ရှိတယ်၊ မြို့ပေါ်မှာရှိတဲ့ ရပ်မိရပ်ဖတွေကလည်း ရေတံခါးကိုဖွင့်ပေးပါ၊ ရေတံခါးကိုဖွင့်ရင် မြစ်ထဲကရေတွေက မြို့ထဲကိုဝင်ပြီးတော့ Recycle ဖြစ်ပြီးတော့ အနံ့အသက်တွေ ဘာတွေ ကောင်းသွားမယ်ဆိုပြီးတော့ သူတို့ကအဲ့လိုတောင်းဆိုတယ်၊ အဲဒါကြောင့် ဆည်မြောင်းရယ် သက်ဆိုင်တဲ့ဌာနတွေရယ် ညှိနှိုင်းပြီးတော့ ဖွင့်ပေးလိုက်တာ၊ ရေကဖွင့်လိုက်လို့ အများကြီးများသွားတာတော့မဟုတ်ဘူး၊ အခု တစ်လက် မကျော်ကျော်လောက်တော့ တိုးလာတာရှိတယ်"

မြစ်ရေအတက်အကျနဲ့ ရေညစ်ညမ်းမှု ပျောက်သွားပြီး တင်နေတဲ့ရေတွေ သန့်စင်သွားတဲ့အချိန်မှသာ ရေထိန်း တံခါး ပြန်ပိတ်ဖို့ စီစဉ်မယ်လို့ ဆိုပါတယ်။  

ဇူလိုင်လ ၁၅ ရက်နေ့ကစပြီး တနင်္သာရီမြို့ပေါ် ရပ်ကွက်ကြီး နှစ်ခုနဲ့ ကျေးရွာတွေမှာ ရေကြီးရေလျှံခဲ့ပြီး  လက်ရှိမှာ ရေဘေးကယ်ဆယ်ရေးစခန်း ၈ ခု ဖွင့်ထားရဆဲဖြစ်ပါတယ်။

တနင်္သာရီမြစ်ထဲကို စီးဝင်တဲ့ ချောင်းကြီးချောင်းနဲ့ ချောင်းငယ်ချောင်းတွေမှာ ရေတက်နေတာကြောင့် တနင်္သာရီမြို့ မှာ ရေကြီးရေလျှံနေတာဖြစ်ပါတယ်။ လတ်တလောမှာတော့ ရေဘေးဒုက္ခသည်တွေအတွက် လိုအပ်တာတွေကို ထားဝယ်၊ ကော့သောင်း၊ မြိတ် စတဲ့ နီးစပ်ရာမြို့တွေကနေ အကူအညီတွေ ပေးထားတယ်လို့ သိရပါတယ်။  

ရေကျသွားပြီးနောက်ပိုင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ လုပ်ဆောင်ရာမှာ ဒေသခံတွေ ဝမ်းရောဂါမဖြစ်ဖို့ ကျန်းမာရေးအပိုင်းနဲ့ ရေနစ်မြုပ်မှုကြောင့် ပျက်စီးသွားတဲ့နေအိမ်တွေ ပြုပြင်ဖို့အတွက် အဓိကထားဆောင် ရွက်ပေးနိုင်ဖို့ စီစဉ်ထားတယ်လို့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဟိန်းက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org