တနင်္သာရီမြို့နယ်မှာ ရေဘေးဒုက္ခသည် ၁၅ဝဝ ကျော်ရှိနေ
2018.07.19

တနင်္သာရီမြို့နယ်အတွင်းမှာ မိုးအဆက်မပြတ် ရွာသွန်းပြီး မြစ်ရေ ၂၅ ပေကျော်အထိ တက်လာပြီး အန္တရာယ်ရေ အမှတ်ကို ကျော်လာတာကြောင့် စိုးရိမ်ရတဲ့အခြေအနေကိုရောက်နေသလို ရေဘေးဒုက္ခသည် ၁၅ဝဝ ကျော်လောက် အထိရှိနေပါတယ်။
မြစ်ရေအန္တရာယ်အမှတ်က ၂၄ ပေသတ်မှတ်ထားတာကြောင့် စိုးရိမ်ရတယ်အခြေအနေဖြစ်နေကြောင်း တနင်္သာရီ မြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးရဲမြင့်ဆွေက ပြောပါတယ်။
"ရေကတော့ ၂၅ ပေ ၃ လက်မဖြစ်နေတယ်ပေါ့နော်၊ အန္တရာယ်ရေအမှတ်ကျော်သွားပြီပေါ့နော်၊ စိုးရိမ်ရတဲ့ အနေထားဖြစ်သွားပြီ၊ လောလောဆယ် အန္တရာယ်ရေအမှတ်ကျော်သွားပြီဆိုတော့ ရွှေ့ပြောင်းတဲ့အိမ်တွေလည်း ပိုများလာနိုင်တယ်လို့ ခန့်မှန်းတယ်၊ ပြီးတော့ စားနပ်ရိက္ခတွေစုတယ်၊ ကူဆယ်လုပ်ငန်းတွေ အဓိကထားလုပ်ဖြစ် တယ်၊ ပြီးတော့ ရိက္ခာခြောက်တွေ အစ်ကိုတို့ အခုကတည်း စပြီးဝေငှနေပါပြီ"
တနင်္သာရီမြစ်ရေဟာ ပြီးခဲ့တဲ့ ၃ ရက်လောက်ကတည်းက ဆက်တိုက်တတ်လာပြီး အခုဆို မြို့ပေါ်ရပ်ကွက်နဲ့ ကျေးရွာ ၃ဝ ကျော်ကို ရေလွှမ်းနေပြီး ကျောင်းတွေပိတ်ထားရပါတယ်။
မနေ့ကထိ ကယ်ဆယ်ရေးစခန်းတွေမှာ လူဦးရေ ၁၅ဝဝ ကျော်ရောက်ရှိနေပြီး ရေအဆက်မပြတ် တိုးနေတာကြောင့် ပိုများလာနိုင်တယ်လို့ ဦးရဲမြင့်ဆွေက ပြောပါတယ်။
လက်ရှိမှာ စာသင်ကျောင်း ၃ဝ ကျော်ကို ပိတ်ထားသလို့ မြိတ်ကော့သောင်းလမ်းပိုင်းမှာလည်း ရေကျော်နေပါတယ်။