တနင်္သာရီမှာ မြစ်ရေတက် ကျောင်းတွေပိတ်ထားရ
2018.07.18
တနင်္သာရီမြို့နယ်အတွင်းမှာ မိုးအဆက်မပြတ် ရွာသွန်းပြီး မြစ်ရေ ၂၂ ပေကျော်အထိ တက်လာတာကြောင့် မြို့နယ်အတွင်းက စာသင်ကျောင်း ၃၀ ကျော်ကို ပိတ်လိုက်ရပါတယ်။
မြစ်ရေတိုးပြီး ကျောင်းတွေထဲ ရေဝင်တာကြောင့် စာသင်ကျောင်း ၃၀ ကျော်ပိတ်ထားလိုက်ရတယ်လို့ တနင်္သာရီတိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးရဲမြင့်ဆွေ က ဒီကနေ့ ပြောပါတယ်။
"ရေထပ်တိုးလာတယ် မနေ့က ကျောင်း ၁၂ ကျောင်း ပိတ်ရပေမယ့် ဒီနေ့ ကျောင်း ၃၀ လောက် ပိတ်လိုက် ရတယ်။ ရေကလည်း ၂၂ ပေ ၁ လက်မ ဖြစ်သွားပြီ။ မနေ့က ၁၇ ပေကျော်ကျော်လောက်ပဲ ရှိတာ။ ဆိုလိုချင်တာ က တစ်နာရီကို နှစ်လက်မ သုံးလက်မလောက် တိုးနေတယ်။ ညကလည်း မိုးအရမ်းကောင်းလွန်းနေတယ်။ စာရင်းတွေလည်း တက်လာနေတယ်။ တချို့ရွာတွေဆိုရင် မြန်မာအင်းတော်ရွာဆိုရင် တစ်ရွာလုံးကျွတ် မြုပ်သွားပြီ။ မြုပ်ပြီးတော့ ကယ်ဆယ်ရေးစခန်းဖွင့်ထားတဲ့ ဘုန်းတော်ကြီးကျောင်းကို ရောက်သွားပြီ"
တနင်္သာရီမြစ်ရေဟာ စိုးရိမ်ရေအမှတ်ထက် ၅ ပေကျော်လောက် မြင့်တက်နေပြီး မြိုပေါ်ရပ်ကွက်တွေ ရေနစ်မြုပ်နေ သလို တခြားကျေးရွာတွေမှာလည်း ရေနစ်မြုပ်နေပြီလို့ သိရပါတယ်။
တနင်္သာရီမြို့ပေါ်ရပ်ကွက်နဲ့ ကျေးရွာတချို့မှာ အိမ်အောက်ထပ် ရေမြုပ်နေတာကြောင့် အိမ်အပေါ်ထပ်တွေမှာ နေကြသူတွေရှိပြီး ကျေးရွာပေါင်း ၃၀ လောက်က လူဦးရေ ၅၀၀ နီးပါးကိုတော့ ကယ်ဆယ်ရေးစခန်းတွေကို ရွှေ့ပြောင်းထားတယ်လို့ ဦးရဲမြင့်ဆွေက ပြောပါတယ်။
တနင်္သာရီတိုင်းအတွင်း မိုးသည်းထန်စွာ ရွာသွန်းနေတာကြောင့် ပုလော၊ မြိတ်နဲ့ တခြားမြို့ တွေမှာလည်း ရေကြီး ရေလျှံပြီး ကားလမ်းမပေါ် ရေကြီးတာ၊ နေအိမ်တွေ ရေနစ်မြုပ်တာ၊ ကျောင်းတွေ ရေနစ်မြုပ်တာတွေ ရှိနေပါတယ်။