တနင်္သာရီမြို့က လယ်သမားတွေ မျိုးစပါး ထက်ဝက်နီးပါး လိုအပ်


2018.09.12
tanintharyi-farm-622 တနင်္သာရီမြို့နယ်က ရေနစ်မြုပ်နေတဲ့ လယ်ကို တွေ့ရစဉ်
Photo: Aung Kyaw Hein

တနင်္သာရီမြို့နယ်မှာ နှစ်လနီးပါး ရေကြီးနစ်မြုပ်ခဲ့တာကြောင့် ပျက်စီးသွားတဲ့ လယ်ဧက ၂ ထောင်ကျော်အတွက် လယ်သမားတွေ မျိုးစပါး ထက်ဝက်နီးပါး လိုအပ်နေတယ်လို့ သိရပါတယ်။

အစိုးရက တစ်ဧက ၁ တင်းနှုန်း ထောက်ပံ့ပေမယ့် တနင်္သာရီမြို့နယ်က လယ်တွေဟာ တစ်ဧကကို ၂ တင်းနှုန်း စိုက်ပျိုးရတာကြောင့် မျိုးစပါးတွေ လိုအပ်နေတာလို့ တနင်္သာရီမြို့နယ် ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဟိန်းက ပြောပါတယ်။

"တနင်္သာရီဘက်မှာက ကျနော်တို့ ပုံမှန် သူတို့ စိုက်ပျိုးတဲ့ပုံစံမျိုးက တစ်ဧကကို ကျနော်တို့ ၂ တင်း နှုန်း လိုအပ်တယ် ပြည်ထောင်စုအစိုးရက ၁ တင်းပဲ ထောက်ပံ့တယ်ဆိုတော့ နောက်ထပ် ၁ တင်း ထပ်လိုတာ ပေါ့နော်။ တစ်ဝက် ထပ်လိုတာပေါ့၊ ကျနော်တို့ ၂ တင်း နှုန်းပေးမယ်ပြောထားတာကို အရင်တုန်းက ခုက ၁ တင်း နှုန်းပဲ ပေးမယ်ဆိုတော့ တစ်ဝက်ထပ်လိုတယ်"

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး KNU ကလည်း ကရင် တိုင်းရင်းသားတွေ အများဆုံးနေတဲ့ အဲဒီဒေသက ကျေးရွာတွေအတွက် မျိုးစပါး တင်း ၅၀၀ လှူဒါန်းမယ်လို့ သိရပါတယ်။

လက်ရှိမှာ စိုက်ပျိုးလို့ရတဲ့ လယ်တွေအတွက် အစိုးရက မျိုးစပါး တစ်ဧကကို ၁ တင်းနှုန်းပေးထားတယ်လို့ ဦးအောင်ကျော်ဟိန်းက ပြောပါတယ်။

ဒါ့အပြင် ရေကြီးနစ်မြုပ်တာကြောင့် ဆွေးမြေ့ပျက်စီးတဲ့ အိမ်စာရင်းတွေကို ကောက်ယူနေပြီး ပျက်စီးသွားတဲ့ နေအိမ်တွေ အသစ်ပြန်လည်ဆောက်လုပ်ဖို့ အစိုးရက သစ်တွေ ထောက်ပံ့ပေးသွားမယ်လို့ ပြောပါတယ်။

တနင်္သာရီမြို့နယ်မှာ ပြီးခဲ့တဲ့ ဇူလိုင်လနဲ့ သြဂုတ်လတွေက ၂ လကျော်ကြာ ရေကြီးခဲ့ပြီး ကျေးရွာ ၃၀ ကျော် ရေနစ်မြုပ်ကာ လူဦးရေ နှစ်သောင်းခွဲကျော် ရေဘေးသင့်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။