တနင်္သာရီမြို့က ရေဘေးဒုက္ခသည်တွေ စားနပ်ရိက္ခာ လိုအပ်နေ
2018.08.20

တနင်္သာရီမြစ်ရေဟာ အန္တရာယ်ရေမှတ်အထက်ကို ဒုတိယအကြိမ် ပြန်လည်ရောက်ရှိနေပြီး တနင်္သာရီမြို့ဟာ ရေကြီးနစ်မြုပ်နေတာ တစ်လကျော်ကြာနေပြီဖြစ်တာကြောင့် စားနပ်ရိက္ခာတွေ လိုအပ်နေပါတယ်။
ဒီရက်ပိုင်းအတွင်း ရေပြန်တက်လာတာဟာ ပထမအကြိမ်ထက် ပိုများတာကြောင့် ရိက္ခာ လိုအပ်နေတယ်လို့ တနင်္သာရီမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးရဲမြင့်ဆွေက ပြောပါတယ်။
"ပထမဆုံးအကြိမ် ကြီးတဲ့ရေထက် ကျော်သွားပြီ။ ၂၆ပေ ၅လက်မ လောလောဆယ်ဖြစ်နေတယ်။ ကယ်ဆယ်ရေး စခန်းကို ပြန်ရောက်လာတဲ့လူဦးရေ ပြန်များနိုင်တယ်လို့ ခန့်မှန်းထားတယ်။ အန္တရာယ်ရေအမှတ်ကို ပိုကျော် သွားတာပေါ့။ အန္တရာယ်ရေအမှတ် ၂၄ ပေအထက်ကို ကျော်သွားပြီ။ ရက်က ဘယ်လောက်ကြာဦးမယ်မသိဘူး။ ရိက္ခာတော့ လိုအပ်နေတယ်"
တနင်္သာရီမြစ်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၄ရက်နေ့ကစပြီး စိုးရိမ်ရေအမှတ် ၁၇ ပေကို ကျော်လွန်နေတာဖြစ်သလို ဇူလှိုင်လ ၁၉ ရက်နေ့က အန္တရာယ်ရေအမှတ် ၂၄ပေထက် ၂၆ ပေ ၃လက်မအထိ ရေကြီးခဲ့ပါတယ်။
တနင်္သာရီမြို့နယ်မှာ ရေကြီးနေတာ အခုဆို ရက် ၄၀ နီးပါးရှိနေပြီးဖြစ်သလို ဒီတစ်ကြိမ်ရေကြီးတာဟာ ပိုမို ဆိုးရွာတာကြောင့် ရေဘေးဒုက္ခသည်တွေ ပိုများနိုင်တယ်လို့ ဦးရဲမြင့်ဆွေက ပြောပါတယ်။
တနင်္သာရီမြို့နယ်မှာ ရေဘေးသင့်ပြည်သူ ၂၅၀၀၀ နီးပါးရှိပြီး လူဦးရေ ၇ ထောင်ကျော်ဟာ နီးစပ်ရာဆွေမျိုးအိမ်တွေ ဘုန်တော်ကြီးကျောင်းတွေမှာ ရွှေ့ပြောင်းနေထိုင်ကြပါတယ်။
အလားတူ ကရင်ပြည်နယ် ဘားအံမြို့မှာလည်း သံလွင်မြစ်ရေဟာ ၉၁၁ စင်တီမီတာအထိ တက်နေပြီး ပထမ အကြိမ် ရေကြီးခဲ့တဲ့ အခြေနီးပါးကို ရောက်ရှိနေပါတယ်။
လက်ရှိမှာ ရေဘေးကယ်ဆယ်ရေးစခန်းတွေနဲ့ ဘုန်းတော်ကြီးကျောင်းတွေမှာ ရေဘေးရှောင်ဒုက္ခသည် ၈ ထောင် ကျော်ရှိနေပြီး ရပ်ကွက်နေ ရေဘေးသင့်တွေအတွက်လည်း ထမင်းထုတ်တွေ ဝေနေရပါတယ်။