သမ္မတ အမည်စာရင်းပေးတဲ့ ဦးမြင့်မောင်ကို တနင်္သာရီတိုင်း ဝန်ကြီးချုပ်အဖြစ် အတည်ပြု


2019.03.22
myintmaung-622.jpg တနင်္သာရီတိုင်း ဝန်ကြီးချုပ် ဦးမြင့်မောင် ကို တွေ့ရစဉ်
Photo: Kyaw Lwin Oo/RFA

လစ်လပ်နေတဲ့ တနင်္သာရီတိုင်းဝန်ကြီးချုပ်နေရာအတွက် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က အမည်စာရင်းပေးတဲ့ ဦးမြင့်မောင်ကို တိုင်းဒေသကြီးလွှတ်တော်မှာ ကန့်ကွက်သူမရှိ ဒီနေ့ အတည်ပြုခဲ့ပါတယ်။

အဂတိလိုက်စားမှုနဲ့ ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်နေရာမှာ သမ္မတက ဦးမြင့်မောင်ကို အဆိုပြုခဲ့ပြီး ဒီနေ့ တိုင်းလွှတ်တော်မှာ အတည်ပြုခဲ့ပါတယ်။

ဦးမြင့်မောင်ဟာ ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ ကော့သောင်းမြို့နယ် တိုင်းဒေသကြီးအမှတ် ၂ မဲဆန္ဒနယ်မြေကနေ ရွေးချယ်ခံရပြီး ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော် ဦးဆောင်တဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့မှာ သယံဇာတနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးရာထူးကို တာဝန်ထမ်းဆောင်ခဲ့သူလည်းဖြစ်ပါတယ်။

ဒါ့အပြင် ဦးမြင့်မောင်ဟာ တနင်္သာရီတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ အတွင်းရေးမှူးလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်လက်ထက်က တိုင်းဒေသကြီးလွှတ်တော်နဲ့ အစိုးရကြားမှာ ပြဿနာအနည်းငယ်ရှိခဲ့ပြီး ဝန်ကြီးချုပ်က လွှတ်တော် လုပ်ပိုင်ခွင့်တွေကိုကျော်ကာ လုပ်ပိုင်ခွင့်ချပေးတာ၊ လုပ်ခွင့်ပေးတာတွေ ရှိခဲ့တယ်ဆိုပြီး ဝေဖန်မှုတွေလည်းရှိပါတယ်။

ဦးမြင့်မောင် လက်ထက်မှာ အစိုးရနဲ့ လွှတ်တော်ကြား ပိုကောင်းမွန်တဲ့ ဆက်ဆံရေးတွေရှိလာမယ်လို့ မျှော်လင့်ကြောင်း တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးက ပြောပါတယ်။

"အတိတ်ကဖြစ်ခဲ့တဲ့ သင်ခန်းစာတွေယူပြီးတော့လည်းပဲ လွှတ်တော်ကို ပစ်ပစ်ခါခါလုပ်လို့ မရဘူးဆိုတဲ့အသိက ဝန်ကြီးချုပ်အသစ်မှာ ရှိပြီးသားဖြစ်မှာပါ၊ အရင်ဝန်ကြီးချုပ် လက်ထက်ကတည်းက ဦးမြင့်မောင်က လွှတ်တော်မှာထဲထဲဝင်ဝင် ပြောပြောဆိုဆို လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ဖက်လဲတကင်းရှိပါတယ်၊ အရင်ကတည်းက ရှိခဲ့တယ်၊ သူဝန်ကြီးချုပ်ဖြစ်တဲ့အခါကျတော့ ကျနော်ထင်တယ် ပိုကောင်းသွားမယ်လို့ တွေးတာပေါ့"

အခုလို ဦးမြင့်မောင် ဝန်ကြီးချုပ်ဖြစ်လာတာကို ကြိုဆိုကြတာတွေရှိသလို သူဟာရိုးသားပြီး အေးဆေးတာကြောင့် ဆုံးဖြတ်ချက်တွေ ရဲရဲမချမှာကို စိုးရိမ်နေကြတာတွေလည်း ရှိပါတယ်။

ကျွန်းစုမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာထူးနေအောင်ကတော့ ကြိုဆိုကြောင်းနဲ့ ဝန်ကြီးချုပ်က ရိုးသားတာကြောင် ဌာနဆိုင်ရာတွေကို သေသေချာချာ ကိုင်တွယ်နိုင်ဖို့လိုကြောင်း အခုလို ပြောပါတယ်။

“ဝန်ကြီး ဦးမြင့်မောင်ဖြစ်တာကို ကြိုဆိုရမှာပေါ သုံးနှစ်တာကာလ အစိုးရအဖွဲ့မှာရှိတော့ အုပ်ချုပ်ရေး အတွေ့အကြုံရှိပြီးသားပဲလေ၊ တစ်ခုတော့ရှိတာပေါ အပြင်မှာရော တတ်ကြွလှုပ်ရှားသူတွေ ခန့်မှန်းတာကတော့ ဝန်ကြီးက ရိုးသားတယ် ဒါပေမဲ့ နည်းနည်းအေးတော့ ဌာနဆိုင်ရာတွေကို သေချာကိုင်တွယ်ဖို့တော့ လိုပါတယ်”

တနင်္သာရီတိုင်းဟာ သမ္မတ ဦးသိန်းစိန် လက်ထက်တုန်းကလည်း ဝန်ကြီးချုပ်တစ်ဦး ထုတ်ပယ်ခံလိုက်ရပြီး NLD ပါတီလက်ထက်မှာလည်း ဒေါက်တာလဲ့လဲ့မော်ကို အဂတိလိုက်စားမှုတွေ ရှိတယ်ဆိုပြီး တာဝန်ကနေ ရပ်နားရတာတွေရှိပါတယ်။

မြိတ်ဒေခံ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကတော့ တနင်္သာရီတိုင်းမှာရှိတဲ့ ခရိုနီတွေကြောင့် ဝန်ကြီးချုပ်တွေဟာ အဂတိလိုက်စားတာတွေဖြစ်လာပြီး အခုလိုမျိုး ထုတ်ပယ်ခံရတဲ့အထိ ဖြစ်လာတာတွေရှိတယ်လို့ သုံးသပ်ပါတယ်။

ဒါကြောင့် အသစ်တတ်လာတဲ့ ဝန်ကြီးချုပ်အနေနဲ့ ခရိုနီတွေကို သတိထားဖို့လိုတယ်လို့ မြိတ်ခရိုင် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ဦးလှမော်က ပြောပါတယ်။

“ကျနော်တို့ တနင်္သာရီတိုင်းမှာ ပထမအစိုးရလက်ထက်တုန်းက  ဗိုလ်ချုပ်ခင်ဇော် ခရိုနီနဲ့ပေါင်းလို့ ခရိုနီအကျိုးစီးပွားလုပ်လို့ ဘဝပျက်သွားတာပဲ၊ နောက်ဒီတခါ ဒေါက်တာလဲ့လဲ့မော်လည်း ခရိုနီနဲ့ပေါင်းလို့ အဲလိုဖြစ်သွားတာဘဲ ကျနော်တို့တိုင်းမှာရှိတဲ့ ခရိုနီတွေသည် တတ်လာတဲ့သူတွေ ပါးစပ်ပါရင်ပြီးရော၊ ပါးစပ်ပါရင်သူတို့အတွက် အဆင်ပြေပြီဆိုတဲ့ပုံစံမျိုးနဲ့ ကျန်တဲ့ဌာနဆိုင်ရာတွေနဲ့ ပေါင်းပြီးတော့ ဝန်ကြီးချုပ်ကို နည်းပေါင်းစုံနဲ့ဖျက်စီးဖို့ သူတို့ကြံအုန်းမှာဘဲ အရှေ့ကတစ်ယောက်က ဒီလိုဖြစ်သွားတော့ သူကတော့ ခပ်ကင်းကင်းတော့ နေနိုင်အောင် နေရလိမ့်မယ်၊ မနေရင်တော့ သူလည်းဒုက္ခရောက်ဦးမှာပဲ၊ အဓိကတော့ ကျနော်တို့တိုင်းမှာ ဖျက်ဆီးနေတာ ခရိုနီပဲ”

တနင်္သာတိုင်းဒေသကြီးမှာ တပ်မတော်၊ ဌာနဆိုင်ရာတွေ၊ လုပ်ငန်းရှင်တွေက သိမ်းယူထားတဲ့ မြေယာပြဿနာတွေ အများအပြားရှိသလို အစိုးရသစ်လက်ထက်မှာ ကျွန်းတွေ လုပ်ပိုင်ခွင့်ချပေးတာ၊ ဒီရေတောတွေ အပြောင်ရှင်းပြီး ပုဇွန်မွေးမြူရေးလုပ်ငန်တွေ ချပေးတာ စတဲ့ မြေယာပြဿနာတွေ ရှိပါတယ်။

လက်ရှိ ဝန်ကြီးချုပ်သစ်လက်ထက်မှာ သမ္မတက ချမှတ်ထားတဲ့အတိုင်း ရဲရဲဝင့်ဝင့်ဖြေရှင်းဖို့ မျှော်လင့်ကြောင်း လူ့အခွင့်ရေးစောင့်ကြည်ရေးကွန်ရက် (ထားဝယ်)က ဦးသန်းဝင်းက ပြောပါတယ်။

“တတ်လာတဲ့ ဝန်ကြီးချုပ်တွေ ဦးဆောင်ပြီးတော့ မဆောင်ရွက်လို့ရှိရင်တော့ နောက်တတ်လာတဲ့ ဝန်ကြီးချုပ်လည်း ပြဿနာရှိနေမှာပဲ၊ ပြည်သူ့အစိုးရလက်ထက်မှာ ဝန်ကြီးချုပ်အနေနဲ့ ရဲရဲဖြေရှင်းပါ၊ နိုင်ငံတော်သမ္မတ ချမှတ်ထားတဲ့ လက်မှတ်ထိုးထားတဲ့ ဖြေရင်းဖို့ချမှတ်တဲ့ မြေယာမူဝါဒ ၅၂ ချက်နဲ့ လက်တွေ့အကောင်အထည်ဖော်ပေးပါ၊ ဒါဆို အမြန်ဆုံးပြေလည်နိုင်မယ်၊ သူတို့လည်း ၂၀၂၀ ပိုပြီးမျှော်လင့်နို်င်မယ်ဗျ”

တနင်္သာရီတိုင်းဒေသကြီးဟာ ရေလုပ်ငန်းအပါအဝင် ဆီအုန်းစီမံကိန်းတွေ၊ ပုလဲမွေးမြူရေး စီမံကိန်းတွေ၊ ခရီးသွားလုပ်ငန်းအတွက် အရေးကြီးတဲ့ ကျွန်းတွေ စတဲ့ စီးပွားရေးလုပ်ငန်းတွေရှိတာကြောင့် ဖြေရှင်းရမယ့်ကိစ္စတွေလည်း အများကြီးရှိပါတယ်။

ဒါကြောင့် ဝန်ကြီးချုပ် ဦးမြင့်မောင်လက်ထက်မှာ ဘယ်လောက်ဆောင်ရွက်နိုင်မလဲ၊ ဘယ်လောက်ထိ ဖြေရှင်းနိုင်မလဲဆိုတာ ပြည်သူတွေအပါအဝင် နိုင်ငံရေးလေ့လာသူတွေ၊ အရပ်ဖက်အဖွဲ့တွေနဲ့ သိမ်းဆည်းခံလယ်သမားတွေက စောင်ကြည့်နေကြပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့လိုက်တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။