ပုလောမြို့နယ်မှာ စစ်ကြောင်းဝင်နေလို့ ဒေသခံ တစ်ထောင်ကျော် ထွက်ပြေးနေရ
2023.10.05

တနင်္သာရီတိုင်း၊ ပုလောမြို့နယ် အရှေ့ခြမ်းကရွာတွေကို စစ်ကောင်စီတပ်က စစ်ကြောင်း ထိုးနေတာကြောင့် ဒေသခံ တစ်ထောင်ကျော် ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက အောက်တိုဘာလ ၅ ရက် ဒီနေ့မှာ RFA ကို ပြောပါတယ်။
အင်အား တစ်ရာလောက်ပါတဲ့ စစ်ကြောင်းက အောက်တိုဘာ ၃ ရက်နေ့ကစလို့ ဂျင့်ဂါ၊ ကျောင်းနိမ့်၊ ပိန္နဲတောင်၊ ပဝတ်ဖျား အစရှိတဲ့ ရွာတွေဘက်ကို စစ်ကြောင်းထိုးလာတာ ဖြစ်ပြီး အောက်တိုဘာ ၄ ရက်နေ့ကတော့ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေလည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒီဒေသမှာ အခုနှစ် ဇူလိုင်လကစလို့ အခြေခံစားနပ်ရိက္ခာနဲ့ ဆေးဝါသယ်ယူခွင့်တွေကိုလည်း ကန့်သတ်ထားတာကြောင့် စစ်ကြောင်းဝင်လာလို့ ထပ်မံထွက်ပြေးရချိန်မှာ ဒုက္ခမျိုးစုံကြုံရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“အင်္ဂလိပ်ဆေးလည်း များများစားစား ဝယ်ခွင့်မရှိပါဘူး။ ဆန်ဆိုရင်လည်း တစ်ပြည်၊ နှစ်ပြည်တောင် သယ်ခွင့်မပေးဘူး။ ဒီလိုဖြစ်နေတာတောင် ထပ်ပြေးရတော့ စစ်ဘေးရှောင်တွေက အားလုံးငတ်နေတာပေါ့။ ကူမယ့်သူတွေဆိုတာကလည်း စားဖို့ရိက္ခာတောင် ဝယ်ယူလို့ မရတော့ စိတ်နဲ့ပဲ ကူညီလို့ရတယ် တခြားဘယ်နည်းနဲ့မှ ကူညီလို့ မရတဲ့ အခြေအနေကို ရောက်နေတယ်”
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ တနင်္သာရီတိုင်း ပြောရေးဆိုခွင့်ရှိသူ တိုင်းလူမှုရေးဝန်ကြီး ဦးသန့်ဇင်ကို RFA က ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိသေးပါဘူး။
ပုလောမြို့နယ်မှာ စက်တင်ဘာလ ၁၁ ရက်ကနေ ၁၈ ရက်နေ့အထိ ၈ ရက်ကြာ တိုက်ပွဲအတွင်းမှာလည်း PDF တွေဘက်က ကိုးဦး သေဆုံးခဲ့သလို၊ အရပ်သား ခြောက်ဦးကိုလည်း စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်တာတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အာဏာသိမ်းပြီးနောက် ပဋိပက္ခတွေကြောင့် တနင်္သာရီတိုင်းမှာ နေရပ်စွန့်ခွာထွက်ပြေးရသူ ရှစ်သောင်းကျော် (၈၂,၂၀၀) ရှိလာပြီလို့လည်း ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ အောက်တိုဘာလ ၂ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။