တနင်္သာရီမှာ ဆန်သယ်လာတဲ့ ကားတွေကို စစ်ကောင်စီတပ်ဂိတ်က ဖမ်းဆီးနေ
2023.11.06

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်မှာ ဆန်တင်လာတဲ့ကားတွေကို စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်တွေက ဖမ်းဆီးပြီး ဆန်အိတ်တွေကို သိမ်းဆည်းနေတယ်လို့ ဒေသခံတွေက နိုဝင်ဘာ ၆ ရက် ဒီနေ့ RFA ကို ပြောပါတယ်။
နိုဝင်ဘာလ ၃ ရက်နေ့က မြိတ်မြို့ကနေ တနင်္သာရီမြို့နယ်ထဲကိုဝင်တဲ့ ဗောဓိကမ်းတံတား စစ်ဆေးရေးဂိတ်ကနေ ကားနှစ်စီးကို ဖမ်းဆီးပြီး ဆန်အိတ်လေးဆယ်ဝန်းကျင်ကို သိမ်းဆည်းလိုက်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဆန်အိတ်တင်လာတဲ့ ခရီးသည်တင် မှန်လုံကားငယ်တစ်စီးအပြင် အိမ်စီးကားတစ်စီးနဲ့အတူ ယာဉ်မောင်း တွေကိုပါ ဖမ်းဆီးခဲ့ပေမယ့် သူတို့ကိုတော့ အဲဒီနေ့မှာပဲ ပြန်လွှတ်လိုက်တယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“တနင်္သာရီမြို့ကအထွက် ဗောဓိကမ်းတံတားမှာ အဖမ်းခံရတာ။ ကားကနှစ်စီး လူတွေကတော့ ပြန်လွှတ်ပေးလိုက်တယ်။ အဲဒီကားက မြိတ်ကနေ တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်း ကျေးရွာအုပ်စုနဲ့ ရွာကြီးတစ်ရွာဖြစ်တဲ့ သဘော့လိပ်ရွာအထိကို သွားတဲ့ကားတွေပေါ့”
ဗောဓိကမ်းတံတား စစ်ဆေးရေးဂိတ်ဟာ အရင်ကလည်း ဆန်တစ်အိတ်သယ်ရင် လေးထောင်ကျပ်တောင်းသလို တခြားစစ်ဆေးရေးဂိတ်တွေကလည်း မတူတဲ့နှုန်းထားတွေနဲ့ ငွေတောင်းတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
စစ်ကောင်စီတပ်ဂိတ်တွေကို ငွေပေးသယ်ရတာအပြင် လိုသလောက် ဆန်အိတ်သယ်လို့ မရတာကြောင့် လက်ရှိ ဆန်ပြတ်လပ်နေသလို ဒေသခံတွေအနေနဲ့လည်း ဆန်ကို စျေးကြီးပေးဝယ်နေရတယ်လို့ ပြောကြပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလကလည်း မြိတ်မြို့ကနေ ချောင်းလမုအုပ်စုဘက်ကိုသွားတဲ့ ကုန်တင်ကားတစ်စီး တနင်္သာရီမြို့ မရင်းကြီးဂိတ်မှာ ဖမ်းဆီးခံရပြီး ကားပေါ်မှာပါတဲ့ ဆန်အိတ်နှစ်ရာခန့် သိမ်းဆည်းခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် ယာဉ်မောင်းကိုပါ စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးပြီး ထောင်ချခံလိုက်ရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ကားသမားတွေ အနေနဲ့ကလည်း ဒီလိုဖမ်းမယ်ဆိုတာ သိတယ်။ ဒါပေမဲ့ သူတို့ မသယ်ပေးဘူးဆိုရင် တစ်ရွာလုံးက ထမင်းငတ်နေပြီလေ အဲဒါကြောင့်မို့လို့ သယ်ရတာ”
ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်သိရဖို့ စစ်ကောင်စီရဲ့ တနင်္သာရီတိုင်း ပြောရေးဆိုခွင့်ရှိသူ တိုင်းလူမှုရေးဝန်ကြီး ဦးသန့်ဇင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။
တနင်္သာရီမြို့နယ်အပြင် ပုလောမြို့နယ် အရှေ့ဘက်ခြမ်းကရွာတွေနဲ့ ထားဝယ်မြို့နယ် (ဒေသခံတွေအခေါ် အရှေ့တောဒေသ) ဖြစ်တဲ့ ထားဝယ်-မေတ္တာ-ထီးခီး (ထိုင်းနယ်စပ်) လမ်းကြောင်းတစ်လျှောက်က ရွာတွေကို လည်း ဆန်အပါအဝင် စက်သုံးဆီနဲ့ ဆေးဝါးသယ်ဆောင်ခွင့်ကို စစ်ကောင်စီက ဖြတ်တောက်ထားတာပါ။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UN OCHA) ရဲ့ အောက်တိုဘာလ ၂ ရက် ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးနောက်ပိုင်း တနင်္သာရီတိုင်းမှာ နေရပ်စွန့်ခွာထွက်ပြေးရသူ ရှစ်သောင်းနှစ်ထောင်ကျော် (၈၂,၂၀၀) ရှိပြီ ဖြစ်ပါတယ်။