ကချင်တွေအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှုတွေရှိနေဟု ဗြိတိန်ရုပ်သံဌာန သတင်းထုတ်
2018.06.05

မြန်မာ့တပ်မတော်အနေနဲ့ တခြားတိုင်းရင်းသား လူနည်းစုတွေအပေါ်မှာ ပစ်မှတ်ထား တိုက်ခိုက်တာတွေ ရှိနေတယ်လို့ ဗြိတိန်အခြေစိုက် Sky News သတင်းဌာနက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။
Sky News ရုပ်သံသတင်းဌာနအနေနဲ့ မြန်မာနဲ့ ဥရောပတလွှားမှာရှိတဲ့ ကချင်တိုင်းရင်းသား ကွန်ယက်တွေရဲ့ အကူအညီနဲ့ ပြီးခဲ့တဲ့ လပိုင်းတွေက မြန်မာနိုင်ငံ မြောက်ပိုင်း ကချင်ပြည်နယ်က ဝေးလံခေါင်ဖျားတဲ့ ဒေသတွေကို သွားရောက်ပြီး စုံစမ်းထောက်လှမ်းခဲ့တာလို့ ဒီကနေ့ သတင်းဌာနရဲ့ အင်တာနက် စာမျက်နှာမှာ Sky News သတင်းထောက် နီဗီးလ်လာဇရုက ရေးသားထားပါတယ်။
ဒီလိုခရီးစဉ်မှာ တွေ့ကြုံရတာတွေဟာ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တယ်ဆိုတဲ့ လူမျိုးရေး သုတ်သင် ရှင်းလင်းမှုလို ဒုတိယ လူအစုလိုက်အပြုံလိုက်သုတ်သင်မှုလိုဖြစ်တယ်လို့ စိုးရိမ်စရာ အရိပ် လက္ခဏာတွေ တွေ့မြင် ခဲ့ရကြောင်း၊ အနည်းဆုံး ဒေသခံ ကချင်တိုင်းရင်းသားတွေက သူတို့အပေါ် လူမျိုးရေးအရ ပစ်မှတ်ထား ချေမှုန်း သုတ်သင်နေတယ်လို့ ယုံကြည်နေကြကြောင်း Sky News သတင်းထောက်က ဆိုပါတယ်။
Sky News သတင်းဌာနရဲ့ သတင်းတင်ပြချက်မှာ ဒေသခံတွေရဲ့ ပြောဆိုချက်တွေနဲ့ ဗိုလ်ချုပ် ဂွမ်မော်လို ကချင်လွတ်မြောက်ရေး တပ်မတော် KIO က အရာရှိတွေလည်း ပါဝင်ပါတယ်။ ကချင်သားတွေအပေါ် အကြမ်းဖက် တိုက်ခိုက်တာတွေကို သက်သေအထောက်အထားတွေနဲ့ ဗြိတိန်နဲ့ ကုလသမဂ္ဂ သံတမန်တွေကို ပေးခဲ့ပေမယ့် ဒီအထောက်အထားတွေကို လျစ်လျူရှုခဲ့ကြတယ်လို့ ဗိုလ်ချုပ် ဂွမ်မော်က ပြောကြားခဲ့ကြောင်း ဒီကနေ့ ထုတ်ပြန်တဲ့ Sky News သတင်းတင်ပြချက်မှာ ဖော်ပြထားပါတယ်။