AA ကို အရေးယူပေးဖို့ စစ်မှုထမ်းဟောင်းအဖွဲ့တောင်းဆို
2019.10.19
နိုင်ငံတော်အကြီးအကဲတွေအနေနဲ့ ရက္ခိုင့်တပ်တော် AA ကိုအရေးယူ ဆောင်ရွက်ပေးဖို့ တိုက်တွန်းကြောင်း မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့က အောက်တိုဘာ ၁၇ ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်တော် AA အနေနဲ့ မြန်မာ့တပ်မတော်မှာ တာဝန်ထမ်းဆောင်ပြီး အငြိမ်းစားယူသွားကြတဲ့ စစ်မှုထမ်းဟောင်းတွေကို သတ်ဖြတ်တာတွေ ဖမ်းဆီးတာတွေရှိတဲ့အတွက် တောင်းဆိုတာဖြစ်တယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက RFA ကို ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေဖြစ်ပွားချိန်အတွင်း AA တပ်ဖွဲ့တွေက နိုင်ငံ့ဝန်ထမ်းတွေ၊ ရဲတပ်ဖွဲ့ဝင်တွေကို သတ်ဖြတ်တာတွေ လုပ်ဆောင်နေကြောင်း ဒါဟာအခြေခံလူ့အခွင့်အရေးကို ချိုးဖောက်တာဖြစ်ကြောင်း ဒါကြောင့်တောင်းဆိုရတာဖြစ်တယ်လို့ ပြောပါတယ်။
ရက္ခိုင့်တပ်တော် AA အနေနဲ့ စစ်မှုထမ်းဟောင်းတွေကို သတ်ဖြတ်တာ ဖမ်းဆီးခေါ်ဆောင်တာမျိုးတွေ မရှိကြောင်း မတရားစွပ်စွဲတာသာဖြစ်ကြောင်း စစ်မှုထမ်းဟောင်း သေဆုံးတယ်ဆိုတာဟာလည်း လူမှုရေးကိစ္စတွေကြောင့် အချင်းချင်း သတ်ဖြတ်ကြတာဖြစ်ကြောင်း AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခ က ပြောပါတယ်။
မြန်မာ့တပ်မတော်နဲ့ပေါင်းပြီး AA ကိုတိုက်ခိုက်နေတဲ့ ရဲတပ်ဖွဲ့ဝင်တွေ သေဆုံးတာတွေတော့ရှိကြောင်း ခိုင်သုခက ပြောပါတယ်။
၂၀၁၉ ခုနှစ်အတွင်း အငြိမ်းစားစစ်မှုထမ်းဟောင်း ငါးဦးသတ်ဖြတ်ခဲ့သလို လေးဦးကို ဖမ်းဆီးခေါ်ဆောင်သွား တာတွေရှိကြောင်း တိုက်ပွဲဖြစ်ပွားနေတဲ့ကာလအတွင်း AA ကထောင်ထားတဲ့ မိုင်းနင်းမိပြီး တစ်ဦး သေဆုံးသလို တစ်ဦးဒဏ်ရာ ရရှိခဲ့တယ်လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။