တောင်ကုတ်မှာ PDF နဲ့ ဆက်စပ်တယ်ဆိုပြီး လူငယ်တစ်ဦး ဖမ်းဆီးခံရ

2021.12.14
တောင်ကုတ်မှာ PDF နဲ့ ဆက်စပ်တယ်ဆိုပြီး လူငယ်တစ်ဦး ဖမ်းဆီးခံရ ဖမ်းဆီးခံရတဲ့ တောင်ကုတ်မြို့နယ်က လူငယ်ကွန်ရက်ဥက္ကဋ္ဌ ကိုမင်းကိုဦးကို တွေ့ရစဉ်
Photo: CJ

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်က လူငယ်ကွန်ရက်ဥက္ကဋ္ဌ၊ အသက် ၂၅ နှစ်အရွယ် ကိုမင်းကိုဦးဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ဆက်စပ်တယ်ဆိုပြီး ဒီဇင်ဘာ ၁၄ ရက်နေ့ ဒီကနေ့ မနက်ပိုင်းက ဖမ်းဆီးခံလိုက်ရတယ်လို့ မိသားစုက RFA ကို ပြောပါတယ်။

တောင်ကုတ်မြို့မှာနေထိုင်တဲ့ ကိုမင်းကိုဦးကို အရပ်ဝတ်နဲ့ ရဲတွေက စခန်းမှူး ခေါ်ခိုင်းတယ်ဆိုပြီး နေအိမ် ကနေ ဖမ်းဆီးသွားတာဖြစ်တယ်လို့ ကိုမင်းကိုဦးရဲ့ ဖခင် ဦးခင်မောင်စိန်က ပြောပါတယ်။

အခုလက်ရှိမှာတော့ ကိုမင်းကိုဦးကို တောင်ကုတ် မြို့မရဲစခန်းမှာ ထိန်းသိမ်းထားပြီး PDF ကို ငွေကြေး ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ - ၅၀ (ည) နဲ့ အမှုဖွင့် ခံထားရတယ်လို့ လည်းဆိုပါတယ်။

ကိုမင်းကိုဦးဟာ တောင်ကုတ်မြို့နယ်မှာရှိတဲ့ လူငယ်တွေကို ကွန်ပျူတာသင်တန်း၊ အင်္ဂလိပ်စာသင်တန်း အခမဲ့ ပို့ချပေးနေသူဖြစ်သလို အခုလက်ရှိ ကိုဗစ်ကပ်ဘေးကြောင့် စားဝတ်နေရေး အခက်အခဲဖြစ်နေတဲ့ သူတွေကို အလှူငွေကောက်ခံပြီး လှူဒါန်းပေးနေတာ ဖြစ်တယ်လို့လည်း ဖခင် ဦးခင်မောင်စိန်က ပြောပါတယ်။

အဲဒီလို ပရဟိတလုပ်ငန်းတွေ တက်ကြွလုပ်ဆောင်ပေးနေတာကို PDF နဲ့ ဆက်စပ်တယ်ဆိုပြီး ဖမ်းဆီး အမှုဖွင့်တာဟာ ဘယ်လိုမှ မဖြစ်သင့်ဘူးလို့လည်း ဆိုပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ တောင်ကုတ်မြို့မရဲစခန်းကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဖုန်းလက်ခံ ဖြေကြားတာမရှိပါဘူး။

ရခိုင်ပြည်နယ်မှာ ပြည်သူ့ကာကွယ်တပ်ဖွဲ့ (PDF) နဲ့ ဆက်စပ်တယ်ဆိုပြီး ဖမ်းဆီးတရားစွဲခံရတာ အခုဆိုရင် အမျိုးသမီး ငါးဦးနဲ့ အမျိုးသား လေးဦး စုစုပေါင်း ကိုးဦးအထိ ရှိသွားပြီဖြစ်ပါတယ်။ အဲဒီအထဲမှာ သံတွဲမြို့နယ် က အများဆုံးဖြစ်ပြီး တောင်ကုတ်မြို့က နှစ်ဦး၊ ကျောက်ဖြူ၊ မြောက်ဦး စတဲ့မြို့နယ်တွေက တစ်ဦးစီ ပါဝင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။