အကြမ်းဖက်အဖွဲ့နဲ့ ဆက်သွယ်မှု သံသယဖြင့် အရေးယူထားသူ လူ ၂ဝ အမှု ရုံးထုတ်စစ်ဆေး


2014.11.10
taunggyi-court-305.jpg တောင်ကြီးခရိုင် တရားရုံးပုံ
Photo: Kyaw Myo Tun

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့မှာ နိုင်ငံတော် အရေးပေါ် စီမံမှုအက်ဥပဒေပုဒ်မနဲ့ တရားစွဲခံထားရတဲ့ အစ္စလာမ်ဘာသာဝင် ၂၀ ဦးတို့ကို ဒီနေ့ တောင်ကြီး ခရိုင်တရားရုံးမှာ စတင်စစ်ဆေးနေပြီလို့ သိရပါတယ်။

အဲ့ဒီ ၂၀ ဦးထဲက ၁၂ ဦးအတွက် လိုက်ပါဆောင် ရွက်ပေးနေတဲ့ ရှေ့နေ ဒေါ်ခင်မိုးမိုးက ဒီကနေ့ တရားခံတွေ စတင်စစ်ဆေးခဲ့တာတွေကို ပြောပါတယ်။

"တရားခံတွေကိုစပြီးစစ်နေပြီ ကျမတို့ခံစစ်ပေါ့၊ ဒီနေ့ကနေစပြီးစစ်နေပြီ၊ တနင်္လာကနေပြီးတော့  ကြာသပတေးတိုင်း စစ်သွားမှာပေါ့၊ အဲ့ဒီတော့ တရားခံတွေကို စစ်ပြီးမှ တရားခံတွေပြတဲ့ သက်သေတွေကိုစစ်ရမှာ သက်သေကတော့ ကျမလူ ၁၂ ယောက်မှာ အခုရေကြည့်လိုက်တာ ၉၈ ယောက်ရှိတယ်၊ အဲ့ဒီတော့ တစ်ယောက်ကို ၇ ယောက်သမားပါတယ်၊ ၁၀ ယောက်သမားပါတယ်ပေါ့"

သူတို့တွေဟာ ပြည်ပအစ္စလာမ်မစ် ဖောက်ခွဲရေးအဖွဲ့တွေနဲ့ ဆက်နွယ်တယ်ဆိုပြီး ပြီးခဲ့တဲ့ သြဂုတ်လ ၄ ရက်နေ့ က ရှမ်းပြည်နယ်တောင်ပိုင်း ကွန်ဟိန်းမြို့မှာ ကျင်းပမယ့် အစ္စလာမ်ဘာသာဝင် ဗလီဆရာတစ်ဦးရဲ့  မင်္ဂလာဆောင်ပွဲ တစ်ခုကနေ စတင်အဖမ်းခံထားရတာပါ။

ဒီကနေ့ တရားခွင်မှာ တရားခံ ၂၀ ဦးထဲက သတို့သား ဗလီဆရာရဲ့ ဖခင် ဦးကောင်းရှင်တစ်ဦးကိုပဲ စတင်စစ်ဆေးခဲ့ပါတယ်။

ဒါ့အပြင် ရှေ့နေ ဒေါ်ခင်မိုးမိုးက သူလိုက်ပါဆောင်ရွက်ပေးနေတဲ့ ၁၂ ဦးထဲက လက်ရှိအမှုနဲ့ လုံးဝ ပါဝင်သူ တွေ မဟုတ်ဘူးလို့ ယူဆရသူ ၇ ဦးကို လွှတ်ပေးဖို့ ပြည်နယ်တရားရေးဌာနကို တင်ပြခဲ့ရာမှာ ပလပ်လိုက် တာကြောင့် ပြည်ထောင်စုတရားလွှတ်တော်မှာ တင်ပြလျှောက်ထားမယ်လို့လည်း ပြောပါတယ်။

အဲ့ဒီအမှုရဲ့ ရုံးချိန်းကိုတော့ လာမယ့် ကြာသာပတေးနေ့မှာ ကျန်နေသေးတဲ့ တရားခံတွေကို ဆက်လက်စစ်ဆေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။