တောင်ကြီးမြို့ မြို့လယ်မှာ လက်လုပ်မိုင်း တွေ့ရှိ
2018.11.16

တောင်ကြီးမြို့ မြို့လယ်ခေါင်မှာ ဒီနေ့ နေ့လယ် ၂ နာရီဝန်းကျင်က လက်လုပ်မိုင်းလို့ ယူဆရတဲ့ လက်ဆွဲသေတ္တာ တစ်လုံး တွေ့ရှိခဲ့တဲ့အတွက် ရှမ်းပြည်နယ် ရဲတပ်ဖွဲ့နဲ့ တပ်မတော်စစ်မြေပြင် အင်ဂျင်နီယာတပ်ဖွဲ့ဝင်တွေက ဖောက်ခွဲပြီး ရှင်းလင်းဆောင်ရွက်ခဲ့ရပါတယ်။
တောင်ကြီး မြို့မဈေးရှေ့ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးပေါ် ပလက်ဖောင်းဘေးမှာ လက်ဆွဲသေတ္တာငယ်တစ်လုံးကို လာရောက်ချထားတာကို ဈေးဆိုင်ခန်းရှင်တစ်ဦးကတွေ့ပြီး မသင်္ကာလို့ သက်ဆိုင်ရာကို သတင်းပို့ခဲ့တာဖြစ်ပါတယ်။
အဲဒီလက်လုပ်မိုင်းကို ဖောက်ခွဲရှင်းလင်းရာမှာ ထိခိုက်ဒဏ်ရာရရှိသူတော့ မရှိခဲ့ဘူးလို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုးစိုးဇော်က ပြောပါတယ်။
ဒါ့အပြင် အဲဒီဖြစ်စဉ်ဖြစ်တဲ့နေရာနဲ့ အနီးမှာရှိတဲ့ City Square ရှော့ပင်းစင်တာ ဒုတိယထပ်မှာလည်း မသင်္ကာဖွယ်ရာ အထုတ်တစ်ထုပ် တွေ့ရှိခဲ့တဲ့အတွက် သက်ဆိုင်ရာက ရှင်းလင်းဖယ်ရှားဆောင်ရွက်ရာမှာ လျှပ်စစ်ပစ္စည်းတချို့ ထည့်ထားတဲ့ အိတ်ဖြစ်နေတယ်လို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်းလည်း အစိုးရတာဝန်ရှိသူတွေက ပြောပါတယ်။
ဒီရက်ပိုင်းဟာ တောင်ကြီးမြို့ တန်ဆောင်တိုင် မီးပုံးပျံပွဲ ကျင်းပနေတဲ့ ကာလဖြစ်တဲ့အတွက် လုံခြုံရေးကို အရင်ကထက် တိုးမြှင့်ဆောင်ရွက်သွားမယ်လို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးက ပြောပါတယ်။
တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပွဲကို နိုဝင်ဘာ ၂၃ ရက်နေ့ထိ ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။
ဒီသတင်းကို RFA သတင်းထောက် မသက်စုအောင်က ပေးပို့ထားတာပါ။