ပေါက်ကွဲမှုဖြစ်ခဲ့ပေမဲ့ ရွေးကောက် ပွဲ မထိခိုက်စေရလို့ ရဲတပ်ဖွဲ့ပြော


2015.10.26
taunggyi-bomb-620.jpg ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ အောက်တိုဘာလ ၂၅ ရက်နေ့ညက ဗုံးပေါက်ကွဲမှုကြောင့် ပျက်စီးသွားတဲ့ ကားတစ်ဦးကို တွေ့ရစဉ်
Photo: Khun Yarzar/RFA

ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ မနေ့ညပိုင်းက ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပေမဲ့၊ လာမယ့်ရွေးကောက်ပွဲအတွက် လုံခြုံရေးကို ထိခိုက်ခံမှာ မဟုတ်ဘူးလို့ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့က ပြောပါတယ်။

လုံခြုံရေးကို တိုးမြှင့်လုပ်ဆောင်နေပြီး ပေါက်ကွဲမှု ဖြစ်ပွားခဲ့တဲ့ကိစ္စအပေါ် စုံစမ်းနေတယ်လို့ ရှမ်းပြည်နယ် ဒုတိယရဲမှူးကြီး စန်းလွင်က ပြောပါတယ်။

"ရွေးကောက်ပွဲရဲ့ လုံခြုံရေးနဲ့ ပတ်သက်လို့ကတော့ ကျနော်တို့က အထိအခိုက်မခံပါဘူးခင်ဗျ၊ လုံခြုံရေးအစီမံတွေ လည်း တိုးမြှင့်ဖို့အတွက် ကျနော်တို့ ဆောင်ရွက်နေတာရှိပါတယ်၊ ဒီဖြစ်စဉ်ဖြစ်ပြီးတဲ့နောက်ပိုင်းမှာ ကျနော်တို့ တာဝန်ရှိတဲ့လူတွေပေါ့ မြို့နယ်မှူး၊ ခရိုင်မှူး အစရှိသဖြင့် အဖွဲ့တွေနဲ့ ကျနော်တို့က လုံခြုံရေးကို တိုးမြှင့်ဆောင်ရွက် ဖို့ နောက်တစ်ခါ မြို့အဝင် အထွက်တွေမှာ ရှာဖွေစိစစ်မှုတွေပြုလုပ်ဖို့၊ နောက်မသင်္ကာတဲ့နေရာတွေမှာ ရှာဖွေ စစ်ဆေးတာတွေ တိုးမြှင့်လုပ်ဖို့ မနက်ကပဲ အစည်းအဝေးလုပ်ပြီးမှ ဆောင်ရွက်ထားတာရှိပါတယ်"

မနေ့ည ၈ နာရီခွဲဝန်းကျင်က တောင်ကြီးမြို့ လမ်းမတော်ရပ်ကွက် ဗိုလ်ချုပ်လမ်းနဲ့ မြတ်လေးလမ်းဆုံ၊ တောင်ကြီး မြို့မရဲစခန်းအနီး၊ ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာမှာ လူ ၄ ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး စဝ်စံထွန်းဆေးရုံမှာ တက်ရောက် ကုသခံယူနေရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ရှမ်းပြည်မြောက်ပိုင်း မိုင်းရှုးမြို့မှာ မိုင်းတစ်လုံး ပေါက်ကွဲခဲ့တဲ့အတွက် ကိုရင်နှစ်ပါးနဲ့ အမျိုးသမီး နှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

တောင်ကြီးမြို့မှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာနဲ့ ပတ်သက်ပြီး ရှမ်းပြည်နယ် ဒုတိယရဲမှူးကြီး စန်းလွင် ကို RFA သတင်းထောက် ကိုကျော်သူ ဆက်သွယ်မေးမြန်းခဲ့တာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။