တောင်ကြီးမြို့မှာ အသတ်ခံရသူလေးဦးရဲ့ ဈာပန ပြုလုပ်ခဲ့
2018.08.23

ရှမ်းပြည်နယ် တောင်ကြီးမြို့ GE ဆောက်လုပ်ရေး အင်ဂျင်နီယာတပ်ထဲမှာ အသတ်ခံခဲ့ရတဲ့ ဒုအရာခံဗိုလ်နဲ့ တပ်ကြပ်ကြီး အပါအဝင် လေးယောက်ကို မနေ့ နေ့လည်ပိုင်းက တောင်ကြီးမြို့ တိုင်းရင်းသားပေါင်းစုံ သုသာန်မှာ သြင်္ဂိုဟ်ခဲ့တယ်လို့ သိရပါတယ်။
သက်ဆိုင်ရာ ရဲတပ်ဖွဲ့ကို အမှုဖွင့်လာတာမရှိသေးတဲ့ အတွက် ဖြစ်စဉ်ကို အသေးစိတ် ပြောပြနိုင်ခြင်းမရှိဘူး လို့ တောင်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက အုပ်ချုပ်ရေးမှူး ဦးမင်းစိုးက RFA ကို ဒီနေ့ ပြောပါတယ်။
"ဘာမှ မသိရသေးဘူး ရဲစခန်းမှာ အမှုကို မဖွင့်ရသေးတာ၊ သူ့ရဲ့တပ်ထဲမှာဖြစ်တော့ တပ်ကပဲ သူ့ဘာသာသူ စစ်နေလားမသိဘူး၊ ကျနော်တို့ကတော့ ဘာမှမသိရသေးဘူးဗျ၊ ရဲဘက်ကိုလွှဲမှပဲ ကျနော်တို့က သိရမှာလေ"
ပြီးခဲ့တဲ့သြဂုတ်လ ၂၀ ရက်နေ့ ညနေပိုင်းက ရှမ်းပြည်နယ် တောင်ကြီးမြို့က ဆောက်လုပ်ရေး အင်ဂျင်နီယာ တပ်စခန်းတစ်ခု အနီးမှာ ဒုအရာခံဗိုလ်နဲ့ တပ်ကြပ်ကြီးတစ်ယောက် အပါအဝင် အသက် ၅ နှစ်အရွယ်ကလေး တစ်ယောက်၊ အမျိုးသမီးတစ်ယောက်တို့ အသတ်ခံခဲ့ရတာဖြစ်ပါတယ်။
ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ ဒုရဲမှူးကြီး စန်းဝင်းကလည်း ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး အခုချိန်ထိ ရဲစခန်းကိုလာပြီး အမှုဖွင့်တာ မရှိသေးတဲ့အတွက် ဖြေကြားလို့ မရသေးကြောင်း RFA ကိုပြောပါတယ်။
ဒါ့အပြင် ရှမ်းပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး လှဦးကို RFA က ဒီကိစ္စကို မေးမြန်းဖို့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းဆက်သွယ်လို့ မရခဲ့ပါဘူး။
သြဂုတ်လ ၂၂ ရက်နေ့ မနေ့က တောင်ကြီးမြို့ ကျောင်းကြီးစုရပ်ကွက်မှာရှိတဲ့ တိုင်းရင်းသားပေါင်းစုံ သုသာန်မှာပြုလုပ်တဲ့ ဈာပနကို တပ်မတော် အသိုင်းအဝိုင်းမိသားစုဝင်တွေ လိုက်ပါပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။