ကာကွယ်ရေးဝန်ကြီးဌာနက မြေတွေ ပြန်ပေးအပ်
2018.03.15

ကာကွယ်ရေးဝန်ကြီးဌာနက သိမ်းယူထားတဲ့ တောင်ကြီးခရိုင် ရပ်စောက်မြို့နယ်နဲ့ ဖယ်ခုံမြို့နယ်က မြေဧရိယာ ၁၉၆၉ ဧကကို မူလပိုင်ရှင် တောင်သူတွေနဲ့ ရှမ်းပြည်နယ်အစိုးရကို ပြန်လည်ပေးအပ်လိုက်ပါတယ်။
တပ်မတော်အစိုးရ လက်ထက်ကတည်းက သိမ်းထားခဲ့တဲ့ မြေတွေကို ပြန်လည်လွှဲပြောင်းပေးအပ်တာဖြစ်တယ်လို့ ရပ်စောက်မြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးခိုင်ညီညီကျော်က ပြောပါတယ်။
"တပ်မတော်အစိုးရ လက်ထက်ကတည်းက သိမ်းထားတာတွေကြာပါပြီ။ အဲဒါက ပြီးခဲ့တဲ့ ဦးသိန်းစိန် အစိုးရ လက်ထက်ကတည်းက တစိုက်မတ်မတ် တင်ပြတောင်းခံတာတွေရှိတယ်။ အဲဒီလွှတ်တော် သက်တမ်းမှာ တုန်းကတည်းက သူက အဲဒီကာကွယ်ရေးဝန်ကြီးကနေ စွန့်လွှတ်ပါ့မယ် ဒါမျိုး ဖြေထားတယ်။ ဖြေသာဖြေတယ် အောက်ခြေမှာက ဒါမျိုးလွှဲပြောင်းပေးအပ်တာမျိုး ဘာမျိုးတွေက လုပ်ငန်းစဉ်ကြီးတွေက မပြီးဘူးပေါ့။ မပြီးတော့ အဲဒါမျိုးတစ်ခါထပ်ပြီး အခုလက်ရှိဒီဘက် အစိုးသစ် တက်လာတဲ့အခါကျတော့လေ နောက်တစ်ကြိမ် မြေစစ်ကော် မတီကို ပြန်လည်တင်ပြလို့ ပြန်စစ်တော့မှ ဒါက စွန့်လွှတ်ထားပြီးသားဖြစ်တဲ့အတွက် လွှဲပြောင်းပေးအပ်ရမယ် ဆိုပြီးတော့မှ လွှဲပြောင်းပေးအပ်မှုက အခုမှ အထမြောက်သွားတာပေါ့"
တောင်ကြီးခရိုင်အတွင် ကာကွယ်ရေးဝန်ကြီးဌာနက သိမ်းယူထားခဲ့တဲ့ မြေဧက ၁၃၄၇ ဧကကို ရှမ်းပြည်နယ် အစိုးရအဖွဲ့နဲ့ မြေဧက ၆၂၂ ဧကကျော်ကို မူလပိုင်ရှင် တောင်သူတွေကို မနေ့က တောင်ကြီးမြို့ မြို့တော်ခန်းမမှာ လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက် လွဲှပေးခဲ့တာဖြစ်ပါတယ်။
လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီဖွဲ့ပြီး နောက်ပိုင်း ရှမ်းပြည်နယ်အတွင်း တောင်သူများ အသုံးပြုနိုင်ဖို့ ကာကွယ်ရေးဝန်ကြီးဌာနက မြေဧရိယာ စုစုပေါင်း တစ်သောင်းခုနှစ်ထောင်ကျော်ကို ပြန်စွန့်လွှတ်ပေးခဲ့တယ်လို့ နေ့စဉ်ထုတ် နိုင်ငံပိုင်သတင်းစာမှာ ဖော်ပြထားပါတယ်။
မနေ့ကပြုလုပ်တဲ့ပွဲကို ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်၊ ဒုတိယ ဝန်ကြီး ဗိုလ်ချုပ် မြင့်နွယ်၊ ဗိုလ်ချုပ်သန်းထွဋ် အပါအဝင် အမြဲတမ်းအတွင်းဝန်တွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ပါတယ်။