ဆေးရုံရောက် ကျောင်းသားတွေ အတွက် တောင်ကြီး ရဟန်း ပျိုသမဂ္ဂ ငွေလှူဒါန်း


2015.12.13
taunggyi-monk-620.jpg ရန်ကုန်ဆေးရုံကြီးမှာ ဒီဇင်ဘာ ၁၃ ရက်နေ့က ကျောင်းသားတွေကို ဆရာတော် ဦးခေမာနန္ဒ ငွေလှူဒါန်းစဉ်
Photo: Kyaw Htoon Naing/ RFA

ရန်ကုန်ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေတဲ့ သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ အမျိုးသား ပညာရေး ဥပဒေပြင်ဆင်ရေး သပိတ်မှောက် ကျောင်းသားတွေကို ရှမ်းပြည်နယ် တောင်ကြီး မြို့ရှစ်လေးလုံး ရဟန်းပျိုများသမဂ္ဂ ဥက္ကဌ ဆရာတော်ဦးခေမာနန္ဒ က ဒီကနေ့ သွားရောက် ငွေလှူဒါန်း လိုက်ပါတယ်။

အခုလိုငွေလှူဒါန်းရတာဟာ ပညာရေးဥပဒေကိုပြင်ဆင်တဲ့ကျောင်းသားတွေကို ထောက်ခံအားပေးတာကြောင့် ဖြစ်တယ် လို့ ဆရာတော် ဦးခေမာနန္ဒက RFA ကို မိန့်ပါတယ်။

"ပညာတက်မှသာလျှင် တိုင်းပြည်ကအစစ ဘက်စုံဖွံ့ဖြိုးတိုးတက်မယ်၊ ပညာမဲ့တွေ အုပ်ချုပ်နေရင် တိုင်းပြည်က အဘက်ဘက်က ယိုယွင်းနေမယ်၊ ကလေးတွေ ပညာရေး ပြောင်းလဲရေးလုပ်တာကို ဦးဇင်းတို့က ထောက်ခံတယ်"

ကျောင်းသားတွေဟာ သာယာဝတီအကျဉ်းထောင်ထဲမှာ အစာငတ်ခံဆန္ဒပြကြသူတွေနဲ့ ကျန်းမာရေး မကောင်းတဲ့သူတွေ ရန်ကုန်ဆေးရုံကြီးမှာ ဆေးကုသ ခံယူနေရတာပါ။

ဆရာတော်ဟာ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က ကိုမင်းသွေးသစ် အပါအဝင် ဆေးကုသမှုခံယူနေ တဲ့ ဖမ်းဆီးခံပညာရေး သပိတ် စစ်ကြောင်းက ပါဝင်ခဲ့သူတွေကို တစ်ဦးကို ငွေကျပ် ၂ သိန်းစီ လှူဒါန်းခဲ့တာဖြစ်ပါတယ်။

အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေးကြောင့် ဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေနဲ့ ဝန်းရံပြည်သူ တွေကို တောင်ကြီး မြို့ ရှစ်လေးလုံးရဟန်းပျိုများ သမဂ္ဂက ထောက်ခံ အားပေးတဲ့အတွက် ဝမ်းသာမိတယ်လို့ ကျောင်းသား ခေါင်းဆောင် ကိုမင်းသွေးသစ် က ပြောပါတယ်။

ဆရာတော် ဦးခေမာနန္ဒဟာ အကျဉ်းထောင်တွေထဲမှာ ဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေနဲ့ ဝန်းရံသူတွေကို လည်း ငွေကြေးထောက်ပံ့ဖို့တွေ ဆက်လက်ဆောင်ရွက်သွားမယ်လို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။