ဖမ်းဆီးခံ အစ္စလာမ်ဘာသာဝင် ၂၀ ကို ရုံးထုတ်စစ်ဆေး
2014.10.02

ရှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့မှာ အစ္စလာမ် ဘာသာဝင် ၂၀ ကို နိုင်ငံတော်အရေးပေါ်စီမံမှု အက်ဥပဒေ ပုဒ်မ ၅(ည)၊ ပုဒ်မ ၅(ဋ) တို့နဲ့ တောင်ကြီး ခရိုင် တရားရုံးမှာ ဒီနေ့ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။
အဲဒီတရားစွဲခံထားရသူ အယောက် ၂၀ ထဲမှာ အစ္စလာမ်အစွန်းရောက်လှုပ်ရှားမှုနဲ့ ဆက်နွယ်နေ သူတွေ ပါဝင်ကြောင်း အမည်မဖေါ်လိုတဲ့ အစိုးရအရာရှိ တချို့နဲ့ အဲဒီအမှုနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၄ ရက်နေ့က ရှမ်းပြည်နယ်တောင်ပိုင်း ကွန်ဟိန်းမြို့မှာ ကျင်းပမယ့် အစ္စလာမ်ဘာသာဝင် ဗလီဆရာတစ်ဦးရဲ့ မင်္ဂလာဆောင်ပွဲမှာ ထမင်းဟင်းချက်ပေးဖို့အတွက် အစ္စလာမ်ဘာသာဝင် ၁၄ ဦးတို့ သွားရာလမ်းမှာ ရှမ်းပြည်နယ် စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ)က ဖမ်းဆီးခဲ့တာလို့ သိရှိရပါတယ်။
အဲဒီနောက်ပိုင်း တောင်ကြီးမြို့မှာ အမှုနဲ့ဆက်စပ်သူလို့ ယူဆရသူ နောက်ထပ် ၄ ဦးအပြင် ကွန်ဟိန်းမြို့က မင်္ဂလာစုံတွဲကိုပါ ဖမ်းဆီးလိုက်တဲ့အတွက် စုစုပေါင်း ၂၀ ဖမ်းဆီးခံထားရတာဖြစ်ပါတယ်။
အဲဒီအထဲကတချို့ဟာ ပြည်ပနိုင်ငံက ဘာသာရေးအစွန်းရောက်အဖွဲ့တွေနဲ့ ပတ်သက်တယ်လို့လည်း သိရပါတယ်။ ဒီအမှုကို အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စ.ရ.ဖ) က တရားလိုလုပ်ပြီး တရားစွဲထားတာလို့ အဲ့ဒီအမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ အမည်မဖော်လိုတဲ့ ရှေ့နေတစ်ဦးက ပြောပါတယ်။
လက်ရှိမှာတော့ အမှုအတွက် တရားလိုပြသက်သေ ၂၄ ယောက်ကို စစ်ဆေးနေတာလို့ဆိုပါတယ်။
RFA က မိသားစုဝင်တချို့နဲ့ အမှုကို ကူညီဆောင်ရွက်ပေးနေသူတွေကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမဲ့ သူတို့အနေနဲ့ ဘာမှမပြောနိုင်ကြောင်းသာ ပြန်လည်ဖြေကြားပါတယ်။ အစိုးရထိပ်ပိုင်း အရာရှိတစ်ဦးကတော့ အဲဒီလို တရားစွဲဆိုစစ်ဆေးနေတာမှန်ကြောင်းနဲ့ စစ်ဆေးနေချိန်ဖြစ်တဲ့အတွက် သတင်းမထုတ်ပြန်နိုင်သေးကြောင်း ပြော ပါတယ်။