တောင်ကြီးခရိုင်က ရေဘေးသင့်သူတွေ အကူအညီလိုအပ်နေ
2024.09.16

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးခရိုင်ထဲက ရေဘေးသင့်ခဲ့တဲ့ ဒေသတွေမှာ အကူအညီတွေ လိုအပ်နေတယ်လို့ ရေဘေးသင့်သူတွေကို ကူညီနေသူတွေက ပြောပါတယ်။
ရေဘေးသင့်ခဲ့တဲ့ ဒေသခံ ၈၀၀ ဝန်းကျင်အတွက် အကူအညီတွေလိုနေတာလို့ ရေဘေးဒုက္ခသည်တွေကို ကူညီနေတဲ့ ဆရာတော် တစ်ပါးက RFA ကို မိန့်ပါတယ်။
“စားဝတ်နေရေး အခက်အခဲ အများကြီး ကြုံနေရတယ်။ နောက်နှစ် စပါးစိုက်ဖို့အတွက် အခက်အခဲ အများကြီးရှိပါတယ်။လယ်သမားက ဆန်ပြန်ဝယ်စားရတဲ့ ဘဝဖြစ်သွားပါပြီ"
ပုံးအင်းဒေသလို့ခေါ်တဲ့ တောင်ကြီးခရိုင်အတွင်းမြို့နယ်တွေက ဒေသခံတွေ ရေဘေးသင့်ခဲ့ပြီး အကူအညီတွေ လိုအပ်နေတာပါ။ ပုံးအင်းဒေသဟာ စပါးအဓိက စိုက်ပျိုးတဲ့နေရာဖြစ်ပြီး ရေဘေးသင့်ခဲ့ချိန်က ကျေးရွာသုံးဆယ်ဝန်းကျင်က စိုက်ပျိုးထားတဲ့ စပါးခင်းတွေလည်း ရေဝင်ပျက်စီးခဲ့ပါတယ်။
ဒါကြောင့် ဆန်ဈေးကြီးတဲ့ဒဏ်ကိုလည်း ခံရနိုင်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီ ရဲ့ တက်ကြွလှုပ်ရှားသူ လူငယ် အမျိုးသားတစ်ဦးက RFA ကို ပြောပါတယ်။
“ရှမ်းပြည်ရဲ့ စပါးကျီလို့ ခေါ်ဆိုလို့ရတဲ့ ပုံးအင်းဒေသက ခုတစ်ခါ ရေကြီးမှုဟာ နောင်လာမယ့် ကာလမှာ ဆန်စပါး ရှားပါးပြီး ဈေးကြီးတဲ့ဒဏ်ကို ခံရမှာဖြစ်ပြီး ဒေသခံတွေအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုဖြစ်ပါတယ်။ ဒီနှစ်မှာ ရေကြီးမှုဒဏ် သုံးကြိမ် တိုင်တိုင် ဆိုးဆိုးရွားရွား ခံခဲ့ရတော့ နွေစပါး၊ မိုးစပါး အကုန်လုံးနီးပါး ပျက်စီးကုန်တယ်”
၂၀၂၄ ခုနှစ် မိုးရာသီကာလဖြစ်တဲ့ ဇွန်လ၊ ဩဂုတ်လနဲ့ စက်တင်ဘာလတွေက ပုံးအင်းဒေသမှာ ရေကြီးမှုဒဏ် သုံးကြိမ်ခံခဲ့ရပါတယ်။
ရေဘေးကြောင့် တောင်ကြီးမြို့နယ်ထဲမှာရှိတဲ့ ကျေးရွာအုပ်စုတွေက စပါးစိုက် လယ်ဧက သုံးရာကျော် (၃၁၆ ဧက) ပျက်စီးဆုံးရှုံးပြီး ကျန်တဲ့ ဟိုပုံးမြို့နယ်၊ ဆီဆိုင်မြို့နယ်ထဲမှာပါတဲ့ ကျေးရွာ အုပ်စုက စပါးစိုက်ခင်း ပျက်စီးဆုံးရှုံးမှု ဧက သောင်းနဲ့ချီ ရှိနိုင်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီ ရဲ့ တက်ကြွလှုပ်ရှားသူ လူငယ်အမျိုးသားတစ်ဦးက RFA ကို ပြောပါတယ်။
ရေဘေးသင်သူတွေ အကူအညီလိုအပ်နေတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ ရှမ်းပြည်နယ် ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်စီးပွားရေးဝန်ကြီး ဦးခွန်သိမ်းမောင်ကို RFA က မေးမြန်းဖို့ ဖုန်းဆက်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။
နိုင်ငံတစ်ဝန်းရေကြီးရေလျှံမှုတွေကြောင့် စပါးနဲ့ သီးနှံမျိုးစုံ စိုက်ဧက ခြောက်သိန်း လေးသောင်းကျော် ရေဝင်နစ်မြုပ်ခဲ့တယ်လို့လည်း စစ်ကောင်စီက စက်တင်ဘာ ၁၆ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။