တောင်ကုတ် မာဘယ်လ်ကျောက် ပြည်ပရောင်း ချရေး ဒေသခံတွေနဲ့ ဆွေးနွေး


2013.03.27

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် နေပူတောင်မှာရှိတဲ့ မာဘယ်လ်ကျောက်တွေကို ဗီယက်နမ်နဲ့ မြန်မာဖက်စပ်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Myanmar SIMCO Song Da  Limited ကုမ္ပဏီကို လုပ်ကိုင်ခွင့်ပြုရေးကိစ္စနဲ့ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရက တောင်ကုတ်မြို့ခံ နိုင်ငံရေးပါတီတွေ၊ လူမှုအဖွဲ့အစည်းတွေ၊ မြို့မိမြို့ဖတွေနဲ့ မတ်လ ၂၆ ရက်နေ့ မနေ့က တောင်ကုတ်မြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

တွေ့ဆုံဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ တောင်ကုတ်လူမှုကွန်ရက်အဖွဲ့ဝင် ဦးစိုးဝင်းက ကျောက်တွေကို အရိုင်းအတိုင်း ကုန်ကြမ်းအဖြစ်ရောင်းချတာထက် ကုန်ချောအဖြစ်ရောင်းချမယ်ဆိုရင် ဒေသခံတွေအတွက် ပိုမိုအကျိုးဖြစ်ထွန်းမယ်လို့  RFA ကို ပြောပါတယ်။

"ကျွန်တော်တို့ဒေသခံတွေ အလုပ်ရအောင် ဒီလုပ်ငန်းတွေကဖန်တီးမယ်၊ အရိုင်းထုတ်လို့ လူ ၂၀၀ အလုပ်ရရင် စက်ရုံဆောက်ရင် လူ ၅၀၀ ကနေ ၁၀၀၀ အလုပ်ရမယ်၊ ကျွန်တော်တို့က ဒါပဲလိုချင်တယ်၊ သဘာဝပတ်ဝန်းကျင်အရသော်လည်းကောင်း၊ နောက်ပြီးတော့ စီးပွားရေးအားဖြင့်သော်လည်းကောင်း၊ နိုင်ငံအတွက် ဘယ်လောက်ရှိမယ်၊ ကိုယ့်ဒေသခံတွေအတွက် ဘယ်လောက်ရှိမယ်ဆိုတာကို နောက်ထပ်နည်းလမ်းတစ်မျိုးနဲ့ ပြန်စဉ်းစားရလိမ့်မယ်လို့ ကျွန်တော်တို့ကတော့ ယူဆပါတယ်"

ဒီတွေ့ဆုံဆွေးပွဲမှာ ဒေသခံတွေရဲ့ ဆွေးနွေးမေးမြန်းချက်တွေကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့ သတ္တုတွင်းဝန်ကြီး ဦးအောင်သန်းတင်နဲ့ လူမှုရေးဝန်ကြီး ဒေါက်တာအောင်ကျော်မင်းတို့က ပြန်လည်ဖြေကြားခြင်းမပြုပဲ မကြာခင် အကြောင်းပြန်ကြားမှာဖြစ်ကြောင်းနဲ့ ပြည်နယ်အစိုးရအနေနဲ့ ဒေသခံတွေရဲ့ သဘောထားဆန္ဒမပါပဲ မာဘယ်လ်ကျောက်တွေကို ထုတ်လုပ်ခွင့်ပေးမှာမဟုတ်ကြောင်း ပြန်လည်ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

တောင်ကုတ်မြို့နယ် နေပူတောင်မှာရှိတဲ့ မာဘယ်လ်ကျောက်တွေဟာ ဧက ၅ဝဝ ကျော်ကျယ်ဝန်းတဲ့ ဧရိယာအတွင်းမှာတည်ရှိနေပြီး ကျောက်တန်ချိန်သန်းပေါင်း ၈ဝ ခန့် ထွက်ရှိနိုင်မယ်လို့ ခန့်မှန်း တွက်ချက်ထားပါတယ်။

ဗီယက်နမ်နဲ့ မြန်မာဖက်စပ်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Myanmar SIMCO Song Da  Limited  က ဒီကျောက်တွေကို နှစ်ပေါင်း ၂ဝ ထုတ်လုပ်ခွင့်ရရှိရေးအတွက် ပြီးခဲ့တဲ့ ဇန်နဝါရီလကုန်ပိုင်းက ရခိုင်ပြည်နယ်အစိုးရနဲ့ ဆွေးနွေးညှိနှိုင်းခဲ့တယ်လို့ သိရပါတယ်။

ပြည်နယ်အစိုးရအနေနဲ့ မာဘယ်လ်ကျောက်ထုတ်လုပ်ခွင့်ကို တရားဝင်ခွင့်ပြုချက်မပေးသေးဘူးဆိုပေမယ့် အခုလက်ရှိအဲဒီတောင်အနီးမှာ ကုမ္ပဏီက ထုတ်လုပ်ရေးအတွက် စတင်ပြင်ဆင်နေပြီလို့ ဒေသခံတွေက ပြောပါတယ်။ ဒါပေမယ့် အဲဒီသတင်းကို RFA က အတည်ပြုလို့ မရသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။