တောင်ငူမြို့က စစ်ဘေးဒုက္ခသည် ငါးထောင်ခန့် အရေးပေါ်အကူအညီ လိုအပ်နေ
2024.06.19

ပဲခူးတိုင်းအရှေ့ခြမ်း တောင်ငူမြို့ကိုရောက်လာတဲ့ စစ်ဘေးဒုက္ခသည် ငါးထောင်ခန့်ဟာ စားသောက်နေထိုင်ရေး အခက်အခဲတွေဖြစ်နေပြီး အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူတွေက RFA ကို ဒီနေ့ပြောပါတယ်။
တိုက်ပွဲတွေဖြစ်နေတဲ့ မုန်းမြို့၊ ဇရပ်ကြီးမြို့နဲ့ တောင်ငူမြို့အနီး ပတ်ဝန်းကျင်စတဲ့နေရာတွေက ဒေသခံတွေဟာ တောင်ငူမြို့ပေါ်က စစ်ဘေးဒုက္ခသည်စခန်း အခုနှစ်ဆယ်ခန့်မှာ လာရောက်နေထိုင်နေကြရတာပါ။
၂၀၂၃ ခုနှစ်ကတည်းက နေရပ်စွန့်ခွာလာသူတွေရှိသလို အခုနှစ်မေလက တိုက်ပွဲတွေကြောင့် ထွက်ပြေးလာသူတွေပါရှိတာကြောင့် ရေရှည်ကူညီရေးမှာ အခက်အခဲတွေ ရှိနေတယ်လို့ တောင်ငူမြို့မှာ ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူတစ်ဦးက RFA ကို ပြောပါတယ်။
“သူတို့ကိုထောက်ပံ့ဖို့ စားရေးသောက်ရေးအတွက် တော်တော်လေးကို ရုန်းကန်နေရတယ်ပေါ့နော်။ အလှူရှင်တွေ နည်းပါးသွားပြီ။ မိုးတွင်းလည်း ရောက်လာပြီ။ အသီးအနှံတွေကအစ ကုန်စျေးနှုန်းတွေက စျေးတက်နေတာဆိုတော့ အသားဟင်းတောင်မဟုတ်ဘူး။ အသီးအရွက်ကျွေးဖို့ကို တော်တော်ရုန်းကန်နေရတယ်ဗျ”
စစ်ဘေးဒုက္ခသည်တွေ ရေရှည်ရပ်တည်ဖို့ အလုပ်အကိုင် အခွင့်အလမ်းတွေကလည်း ခက်ခဲတယ်လို့ဆိုပါတယ်။
ဒါ့အပြင် ဒုက္ခသည်စခန်းမှာနေထိုင်ဖို့ အဆင်မပြေသူတွေအတွက် အိမ်ငှားခကလည်း သူတို့အတွက် ဝန်ထုတ်ဝန်ပိုးဖြစ်နေတယ်လို့ စစ်ဘေးဒုက္ခသည်တွေနဲ့ ကူညီနေသူတွေက ပြောပါတယ်။
လက်ရှိမှာ ကျန်းမာရေး၊ ပညာရေး၊ စားဝတ်နေရေးကအစ ကူညီထောက်ပံ့ပေးထားနိုင်တာ နဂါးရုံ စစ်ဘေးဒုက္ခသည်စခန်းတစ်ခုမှာရှိတဲ့ လူဦးရေ ၃၅၀ ခန့်သာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီအခြေအနေနဲ့ပတ်သတ်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ပဲခူးတိုင်းပြောခွင့်ရသူ တိုင်းစီးပွားရေးရာဝန်ကြီး ဦးတင်ဦးကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုခြင်း မရှိပါဘူး။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် အကြမ်းဖက်မှုတွေ မြင့်တက်လာတာကြောင့် ၂၀၂၃ ခုနှစ် တစ်နှစ်အတွင်းမှာတင် ပြည်တွင်းမှာ နေရပ်စွန့်ခွာထွက်ပြေးရသူ ၁ ဒသမ ၃ သန်းကျော် ရှိခဲ့တယ်လို့ UNHCR က ဖော်ပြထားပါတယ်။