တောင်သာက အငြိမ်းစားကျောင်းဆရာတစ်ဦး စစ်ကြောရေးမှာ သေဆုံး
မန္တလေးတိုင်း တောင်သာမြို့နယ် ရုံးပင်ရွာက အငြိမ်းစားကျောင်းဆရာ ဦးသောင်းရီဟာ တောင်သာမြို့မရဲစခန်းမှာ ဖမ်းဆီးခံထားရတုန်း သေဆုံးခဲ့ပြီး ရုပ်အလောင်းလည်း ပြန်မရဘူးလို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။
မေလ ၆ ရက်နေ့မှာ ဖမ်းဆီးခံရပြီး မေလ ၁၈ ရက်နေ့မှာ သေဆုံးခဲ့တဲ့အကြောင်း မိသားစုဝင်တွေဆီကို ရဲစခန်းက မေလ ၂၃ ရက်နေ့မှာ အကြောင်းကြားလာတာလို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
“၁၈ ရက်နေ့က သေဆုံးသွားတဲ့အကြောင်းကို မနေ့ကမှ အကြောင်းကြားလာ တယ်ပေါ့နော်။ အလောင်းကို သူတို့ သင်္ဂြိုဟ်လိုက်ပြီလို့ပြောတယ်။ အလောင်းလည်း ပြန်မရဘူး၊ အကြောင်းပြချက်ကတော့ ရုတ်တရက် ကျည်ထွက်သွားတယ်ဆိုပြီး ပြောလာတာ”
မေလ ၂၄ ရက်နေ့ ဒီနေ့မှာတော့ သေဆုံးသူရဲ့ မိသားစုဝင်တွေက ရုပ်အလောင်းမပါဘဲ နာရေးအခမ်းအနားကို ပြုလုပ်ခဲ့တယ်လို့ သူက ဆိုပါတယ်။
ဦးသောင်းရီဟာ ၂၀၂၂ ခုနှစ်ကတည်းက တိမ်းရှောင်နေပြီး စစ်ကောင်စီတပ်ရဲ့ နိုင်ငံပိုင်းသတင်းစာတွေမှာ ကမ်းလှမ်းမှုကြောင့် ရွာမှာ ပြန်လာနေချင်တဲ့အတွက် ရဲစခန်းကို သွားရောက်အကြာင်းကြားချိန်မှာ ပြန်မလွှတ်တော့ဘဲ ဖမ်းဆီးခံထားရတာလို့ မိတ်ဆွေတစ်ဦးက ပြောပါတယ်။
“သူတို့က သားသမီးတွေ မရှိဘူး။ တူတွေ၊ တူမတွေကိုလည်း လွမ်းတယ်။ တိမ်းရှောင် နေရတာလည်း မခံစားနိုင်တော့ဘူး။ စစ်ကောင်စီဘက်ကလည်း ပြန်ခေါ်နေတာတွေ ရှိတော့ လင်မယားနှစ်ယောက် ဘာမှမဖြစ်လောက်ဘူးဆိုပြီး တောင်သာ ရဲစခန်းကို သွားပြီးအကျိုးအကြောင်းသွားပြောတာ တရားဝင်လည်း ပြန်နေလို့ရအောင်ဆိုပြီး သွားပြီးရှင်းပြတာ။ အဲဒီမှာ ပြန်မလွှတ်တော့ဘဲ အဖမ်းခံရပြီး သေတဲ့ထိဖြစ်သွားတာ”
ဦးသောင်းရီရဲ့ ဇနီးကိုတော့ ရဲစခန်းက ဖမ်ဆီးမထားဘဲ ပြန်လွှတ်ပေးလိုက်ပြီး ဦးသောင်းရီကို စစ်ဆေးစရာရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းဆီးခေါ်ဆောင် ထားတာလို့ သူက ပြောတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရသူ ဦးသိန်းဌေးကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။
RFA က ပြုစုထားတဲ့ စာရင်းတွေအရ အာဏာသိမ်းပြီးနောက် စစ်ကြောရေးမှာ သေဆုံးသူ စုစုပေါင်းဟာ ဦးသောင်းရီ အပါအဝင် ၁၆၀ ဦးရှိလာပြီ ဖြစ်ပါတယ်။