တောင်သာဒေသခံတွေ ဆန္ဒပြ


2018.07.24
taungthar-protest-622.jpg တရားဥပဒေစိုးမိုးရေးနဲ့ အဂတိလိုက်စားမှုပပျောက်ရေးအတွက် တောင်သာဒေသခံတွေ ၂၀၁၈ ဇူလိုင်လ ၂၄ ရက်နေ့ကဆန္ဒပြစဉ်
Photo: Khaymani Win/RFA

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာမြို့နယ်အတွင်းမှာ တရားဥပဒေစိုးမိုးရေးနဲ့ အဂတိလိုက်စားမှု ပပျောက်ရေးအတွက် ကျေးရွာ ၁၂ ရွာက ဒေသခံ ၁၀၀ ကျော် ဒီနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။

အုပ်ချုပ်ရေးမှူးတွေက ထောက်ခံစာထုတ်ပေးတဲ့အခါ ငွေကြေးတောင်းခံတာတွေရှိနေသလို လာဘ်စားမှုတွေကို တိုင်ကြားရာမှာလည်း ဘက်လိုက်ဆောင်ရွက်မှုတွေရှိနေတယ်လို့ ဆန္ဒပြပွဲဦးဆောင်သူ ဘုရားလှကျေးရွာ က ကိုတင့်လွင်ဦး က ပြောပါတယ်။

"ကျနော်တို့ အင်းတဲ့ကျေးရွာမှာဆိုရင် အုပ်ချုပ်ရေးမှူးတစ်ယောက်က ထောက်ခံစာရေးပေးဖို့အတွက်ကို ငွေကြေးတောင်းပါတယ်။ ငွေကြေးတောင်းခံရာမှာ လဝက ကို နိုင်ငံသားစိစစ်ရေးကတ်လုပ်ဖို့အတွက် သွားပြီး ထောက်ခံစာလုပ်တာပါ။ ကျောင်းသားဆိုရင် ကျောင်းသားရဲ့ အလိုက်အထိုက်၊ ကျောင်းသားမှာ မွေးစားရင်း ဘာညာ လုပ်ရတယ်ဆိုရင် လုပ်ရတဲ့ အလိုက်အထိုက် ပိုက်ဆံတောင်းပါတယ်။ တောင်းတဲ့အတွက်ကြောင့် မြို့နယ် အုပ်ချုပ်ရေးမှူးထံကို တိုင်ကြားပါတယ်။ ဒီအုပ်ချုပ်ရေးမှူးဟာ လာဘ်စားထားတာကို ပေါ်လွင်တာကို တောင်မှ အရေးယူပေးခြင်းမရှိဘူး။ အဲအတွက်ကြောင့်မို့ ကျနော်တို့က ဥပဒေမဲ့လုပ်ရပ်တွေကို အလိုမရှိဘူးဗျ"

မြို့နယ်အတွင်း ကျေးရွာအုပ်ချုပ်ရေးမှူးရွေးချယ်ပွဲတွေမှာလည်း အဂတိလိုက်စားမှုတွေရှိနေတယ်လို့  ဆန္ဒပြသူတွေက ပြောပါတယ်။

ဆန္ဒပြသူတွေက မြို့နယ်စီမံခန့်ခွဲမှုကော်မတီ အလိုမရှိကြောင်း၊ ဘက်လိုက်ဆုံးဖြတ်ဆောင်ရွက်တာတွေ အလိုမရှိကြောင်း၊ တရားဥပဒေမဲ့ လုပ်ရပ်တွေ အလိုမရှိကြောင်း တောင်းဆိုကြတာဖြစ်ပါတယ်။

ဆန္ဒပြပွဲကို ဘုရားလှ၊ ရွာသစ်၊ နန်းမြင့်၊ မြေဖြူကုန်း စတဲ့ ကျေးရွာပေါင်း ၁၂ ရွာက ဒေသခံတွေ ပါဝင်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။