တောင်ကုတ်မြို့နယ် ကင်းတောင်ရွာ ဗုံးကြဲခံရမှု သေဆုံးသူ ခြောက်ဦးအထိရှိလာ

RFA Burmese
2024.10.07
တောင်ကုတ်မြို့နယ် ကင်းတောင်ရွာ ဗုံးကြဲခံရမှု သေဆုံးသူ ခြောက်ဦးအထိရှိလာ တောင်ကုတ်မြို့နယ် ကင်းတောင်ရွာတွင် လေကြောင်းနှင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် အဆောက်အအုံအချို့အား ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်နေ့က တွေ့ရစဥ်။
Arkan Princess Media Photo

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်၊ ကင်းတောင်ရွာကို အောက်တိုဘာလ ၄ ရက်နေ့က စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုမှာ သေဆုံးသူခြောက်ဦးနဲ့ ဒဏ်ရာရသူ ဆယ်ဦးအထိ ရှိလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သေဆုံးခဲ့သူတွေအထဲက အသက် ၆၀ ကျော်အရွယ် ဒေါ်တင်မရွှေ၊ ဒေါ်မြကြည်၊ ဒေါ်မြရည်၊ ဦးမောင်လှတင်နဲ့ အသက် ၁၅ နှစ်အရွယ် မအိခိုင်ဖြိုးတို့ရဲ့ နာမည်တွေကိုသာ သိရသေးတယ်လို့ ဆိုပါတယ်။

ကင်းတောင်ရွာမှာ တိုက်ပွဲဖြစ်တာမရှိဘဲ စစ်ကောင်စီတပ်က အရပ်သားတွေကို ဦးတည်ပစ်ခတ်ခဲ့တာလို့ အဲဒီအခြေအနေကို သိသူတစ်ဦးက RFA ကို ပြောပါတယ်။

“ဘာတိုက်ပွဲမှလည်း မရှိဘဲ၊ မနက်စောစောတစ်လုံး နေ့လယ်ဘက်ကို တစ်လုံး လာကြဲခဲ့တာ။ ဒဏ်ရာရသူက ဆယ်ဦးကျော်ရှိတယ်။ ဒေါ်တင်မရွှေကတော့ ဒဏ်ရာရတဲ့အထဲ ပါတဲ့သူတစ်ဦးပါ။ သူက ဒဏ်ရာရလို့ ဆေးရုံကိုသွားကုပြီး ဆေးရုံမှာပဲဆုံးတယ်”

လက်ရှိမှာလည်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းရန်ကို စိုးရိမ်တာကြောင့် ကင်းတောင်ရွာ ဒေသခံအများစုက နေအိမ်တွေကနေ ယာယီတိမ်းရှောင်နေကြတယ်လို့လည်း သူက ပြောပါတယ်။

အောက်တိုဘာလ ၃ ရက်နေ့ ညပိုင်းကလည်း တောင်ကုတ်မြို့နဲ့ ခုနစ်မိုင်ကျော်ဝေးတဲ့ ခေါင်းလောင်းတူရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

RFA ရဲ့ စာရင်းတွေအရ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် စက်တင်ဘာလ တစ်လအတွင်း ရခိုင်ပြည်နယ် သံတွဲ၊ မောင်တော၊ ပေါက်တော၊ မြေပုံ၊ တောင်ကုတ်၊ ပုဏ္ဏားကျွန်း စတဲ့မြို့နယ်တွေမှာ အရပ်သားတွေနဲ့ အာရက္ခတပ်တော် (AA) ရဲ့ စစ်သုံ့ပန်းတွေအပါအဝင် လူပေါင်း ၉၃ ဦး သေဆုံးပြီး ခုနစ်ဆယ်နီးပါး ဒဏ်ရာရခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။