စီတန်းလှည့်လည်မှုမပြုလုပ်ဖို့ ရခိုင်ပြည်နယ် မြို့တချို့မှာ ကန့်သတ်မိန့်ထုတ်
2015.10.16
ရခိုင်ပြည်နယ် တောင်ကုတ်၊ သံတွဲ၊ ဂွ စတဲ့ မြို့နယ်တွေမှာ ရွေးကောက်ပွဲ ကာလအတွင်း ဆူပူမှုတွေမဖြစ်စေဖို့နဲ့ စီတန်းလှည့်လည်တာတွေ မလုပ်ဖို့ မနေ့က ထုတ်ပြန်ကြေညာထားပါတယ်။
အောက်တိုဘာလ ၁၄ ရက်နေ့ကနေ နိုဝင်ဘာလကုန်အထိ လိုက်နာဖို့ ထုတ်ပြန်ထားတာဖြစ်ပြီး ရပ်ရွာအေးချမ်း သာယာရေးအတွက် အုပ်ချုပ်ရေးပိုင်းက ချမှတ်ထားတဲ့ စည်းကမ်းချက်တွေကို မလိုက်နာရင် အရေးယူခံရမှာဖြစ် တယ်လို့ တောင်ကုတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးလူမော်က ပြောပါတယ်။
"၁၄ ရက်ကနေ ၃၀ ရက် ၁၁ လထိပါ၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ၊ မြို့နယ်ဖွံ့ဖြိုး တိုးတက်ရေးကော်မတီ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီပေါ့၊ အစည်းဝေးလုပ်ပါတယ်၊ ကျနော်တို့မြို့နယ်ဒေသလိုအပ်ချက် အရပေါ့၊ အဓိကကတော့ ရွေးကောက်ပွဲ အဖျက်အမှောက်လုပ်ငန်းတွေမလုပ်ကြဖို့ပေါ့၊ နောက်တစ်ခု ကတော့ ရပ်ရွာအေးချမ်း သာယာရေးနဲ့ တရားဥပဒေစိုးမိုးရေးထိခိုက်ပျက်ပြားစေတဲ့ အလုပ်တွေမလုပ်ဖို့၊ ရပ်ရွာကချမှတ် ထားတဲ့ စည်းကမ်းတွေ၊ ဥပဒေတွေ၊ ဒါကိုအတိအကျလိုက်နာဖို့၊ ဖောက်ဖျက်ရင် ကျနော်တို့က အရေးယူမယ်ဆိုတာပါ၊ ဒါပါပဲ"
ဒါ့အပြင် ဗြောက်အိုးဖောက်တာတွေ မလုပ်ဖို့လည်း တားမြစ်ထားတယ်လို့ သိရပါတယ်။
အဲဒီမြို့နယ် ၃ခုမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲအောင်နိုင်ရေး အတွက် ဒီနေ့ကစပြီး ၃ ရက်ကြာ ဟောပြော တာ ဖြစ်ပါတယ်။
ဒီအတောအတွင်း NLD ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရခိုင်ပြည်နယ် ရွေးကောက်ပွဲအောင်နိုင်ရေးခရီးစဉ် အတွင်း ပြည်နယ်အစိုးရက လုံခြုံရေးတွေ အထူးကြပ်မတ်ဆောင်ရွက်ပေးထားတယ်လို့ ပြည်နယ်အစိုးရပြောခွင့် ရသူ ပြည်နယ်ဥပဒေအရာရှိချုပ် ဦးလှသိန်းက RFA ကိုပြောပါတယ်။ ဦးလှသိန်းကို မသင်းသီရိ ဆက်သွယ်မေးမြန်း ထားတာ နားဆင်နိုင်ပါတယ်။