ဖားကန့်မြို့နယ် အခွန်ဦးစီးဌာန အရာရှိ ပစ်ခတ်ခံရလို့သေဆုံး

2022.10.16
ဖားကန့်မြို့နယ် အခွန်ဦးစီးဌာန အရာရှိ ပစ်ခတ်ခံရလို့သေဆုံး ဖားကန့်မြို့၊ ဆိုင်းတောင်ကျေးရွာတစ်နေရာအား ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ကချင်ပြည်နယ် ဖားကန့်မြို့နယ် အခွန်ဦးစီးဌာန ဒုတိယဦးစီးမှူး ဦးအောင်ကို သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာမှာ အောက်တိုဘာလ ၁၄ ရက်က မြို့နယ်အခွန် ဦးစီးဌာနက ဒုဦးစီးမှူး ဦးအောင်ကို နဲ့ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန အရာရှိ ဦးထင်လင်းကျော်တို့ နှစ်ဦးကို လက်နက်ကိုင်အဖွဲ့တစ်ခုက ဖမ်းဆီးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

အောက်တိုဘာလ ၁၅ ရက်မှာ ထွက်ပြေးဖို့ကြိုးစားတဲ့အတွက် ပစ်ခတ်ခံရတာကြောင့် မြို့နယ်အခွန်ဦးစီးဌာန ဒုဦးစီးမှူး ဦးအောင်ကို သေဆုံးခဲ့ပြီး အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန အရာရှိကတော့ သေနတ်ဒဏ်ရာနဲ့ ဖားကန့်မြို့နယ်ဆေးရုံမှာ ဆေးကုသမှု ခံယူနေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"ထွက်ပြေးတဲ့အချိန်မှာ အခွန်ဒုဦးစီးကတော့ သေနတ်ဒဏ်ရာနဲ့ နေရာမှာ ပွဲချင်းပြီး သေတာ။ စသုံးလုံးက အရာရှိကတော့ သေနတ်ဒဏ်ရာနဲ့ ထွက်ပြေးရင်း ဖားကန့် ဆေးရုံထိ ရောက်လာတာပေါ့။ စသုံးလုံးက အရာရှိကတော့ မစိုးရိမ်ရဘူးလို့ ကြားတယ်"

သူတို့နှစ်ဦးကို ဘယ်လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးခဲ့တယ်ဆိုတာ မသိရဘူးလို့ သူက ပြောပါတယ်။

ဖားကန့်မြို့နယ်အတွင်း ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) အပြင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေလည်း လှုပ်ရှားနေပါတယ်။

အောက်တိုဘာလ ၁၀ ရက်နေ့မှာလည်း ဖားကန့်မြို့၊ မရှိကထောင်ရပ်ကွက်မှာ နယ်ထိန်း ရဲတစ်ဦး သေနတ်နဲ့ ပစ်ခတ်ခံရလို့ သေဆုံးခဲ့ပါတယ်။

ဖားကန့်မြို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေ ဖမ်းဆီးခံရတာ၊ ပစ်ခတ်သတ်ဖြတ်ခံရတာတွေ မကြာခဏဖြစ်လေ့ရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။