တန့်ဆည်က ပုတီးနဲ့ ပေချောင်ရွာ လူနေအိမ်တွေ မီးရှို့ ဖျက်ဆီးခံရ

2022.02.11
တန့်ဆည်က ပုတီးနဲ့ ပေချောင်ရွာ လူနေအိမ်တွေ မီးရှို့ ဖျက်ဆီးခံရ စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့တဲ့ ပေချောင်ရွာကို ၂၀၂၂ ဖေဖော်ဝါရီလ ၁၀ ရက်နေ့က တွေ့ရစဉ်
Photo: CJ

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်က ပုတီးနဲ့ ပေချောင်ရွာကို ဖေဖော်ဝါရီ ၈ ရက်နဲ့ ၉ ရက် နေ့တွေမှာ စစ်တပ်က ဝင်ရောက်လာပြီးနောက် အိမ်တွေ မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက RFA က ပြောပါတယ်။

ပုတီးရွာမှာ ဖေဖော်ဝါရီလ ၈ ရက် မနက်အထိ အိမ် ၂၀ မီးလောင်သွားတယ်လို့ ပုတီးရွာခံ တစ်ဦးက ပြောပါတယ်။

“အလုံး ၂၀ မီးလောင်တယ်။ တောင်သူ သီးနှံစပါးတွေ လောင်တယ်။ ပုတီးရွာကို ဝင်တာ ၆ ကြိမ်မြောက်။ မီးရှို့တာက ၂ ကြိမ်မြောက်။ အရင်တစ်ခါ ဖျက်ဆီးတာရောဆိုရင် အိမ်ခြေ အလုံး ၁၀၀ လောက်တော့ရှိပြီ။ အဲဒီနေ့မှာပဲ ထန်းတောကြီး ဆက်ထွက်သွား တယ်။ အဲဒီမှာ နေအိမ် ၉ လုံးကို ရိုက်ဖျက်ဆီးပြီးတော့ ကျန်းမာရေးမကောင်းတဲ့ အဖိုးတစ်ယောက်နဲ့ တခြားတစ်ယောက်ကို လမ်းပြအဖြစ် ရိုက်နှက်ပြီးတော့ ဖမ်းဆီး ခေါ်ဆောင်သွားတယ်”

အဲဒီစစ်ကြောင်းမှာ အင်အား ၂၀၀ ခန့်ပါဝင်ပြီး ဖေဖော်ဝါရီလ ၂ ရက်နေ့ကပင် ကျွန်းလှ မြို့နယ်ကနေ တန့်ဆည်မြို့နယ်ကို ရောက်ရှိလာတာလို့ ဆိုပါတယ်။

ပုတီးရွာကို ဝင်ရောက်ချိန်မှာ လက်နက်ကြီး သုံးချက်ပစ်ခတ်ခဲ့တဲ့အတွက် အိမ်တစ်လုံးကို ထိမှန်ပျက်စီးခဲ့တယ်လို့လည်း ပြောပါတယ်။ ကျန်လက်နက်ကြီး နှစ်ချက်ကတော့ ရွာ ဘေးက ယပင်းချောင်းထဲကို ကျသွားတယ်လို့ ဆိုပါတယ်။

ဖေဖော်ဝါရီလ ၈ ရက်နေ့ ညနေစောင်းမှာတော့ ပေချောင်ရွာကို ဆက်လက်ရောက်ရှိ သွားပြီး ဒေသခံတွေ မွေးထားတဲ့ အိမ်မွေးတိရစ္ဆာန်တွေကို သတ်စားခဲ့ကြတယ်လို့လည်း ပြောပါတယ်။

ဖေဖော်ဝါရီလ ၉ ရက်နေ့မှာတော့ ဒေသခံ PDF တပ်တွေက တန့်ဆည်မြို့နယ်၊ ကံထူးမ ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ပြီး မကြာခင်မှာပဲ ပေချောင်ရွာက အိမ်တွေ မီးစတင် အရှို့ခံခဲ့ရတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ကံထူးမမှာ တိုက်ပွဲဖြစ်ပြီး မကြာဘူး။ ပေချောင်ကို မီးရှို့တယ်။ နောက်ရက် မနက်လင်း တာနဲ့ မီးရှို့တယ်။ ဒီနေ့လည်း မနက်ပိုင်း မီးထပ်ရှို့တယ်။ မီးရှို့ပြီးတော့ မကြာခင်မှာပဲ နေ့လယ်လောက်မှာ အနောက်မြောက်ဘက်ကို ထွက်သွားတယ်။ အခု ခရုတောရွာကို ရောက်နေကြတယ်”

ဒါပေမဲ့ ပေချောင်ရွာမှာ အိမ်ဘယ်နှစ်လုံး မီးလောင်သွားတယ်ဆိုတာကို အတိအကျ မသိရသေးဘူးလို့ ဆိုပါတယ်။

အလားတူ ခရုတောရွာကိုလည်း စစ်တပ်က လက်နက်ကြီးပစ်ခတ်ဝင်ရောက်ပြီးနောက် ရွာထိပ်က အိမ်တစ်လုံးပေါ်ကို လက်နက်ကြီးကျရောက်ပြီး ကလေး တစ်ဦးအပါအဝင် ဒေသခံနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို အိမ်တွေလည်း မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ကျနော်တို့ တန့်ဆည်မြို့နယ်ထဲကို စစ်တပ်က ရောက်ကတည်းက နေ့တိုင်းနီးပါး မီးရှို့နေတာ တစ်ရက်မှကို မနားသေးဘူး”

ဒီပြောဆိုချက်တွေနဲ့ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို မေးမြန်းနိုင်ဖို့ RFA က မနေ့က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် အကြောင်းမပြန် သေးပါဘူး။

ယခင်ကတော့ အရပ်သားတွေနဲ့ နေအိမ်တွေ မီးရှို့ခံရတာဟာ သူတို့ရဲ့လက်ချက် မဟုတ်ဘူးလို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက တုံ့ပြန်ထားပါတယ်။

မြန်မာ့နိုင်ငံရေးနဲ့ စစ်ရေး ပဋိပက္ခ နောက်ဆက်တွဲ အကျိုးဆက်တွေကို သုတေသန ပြုနေတဲ့ Data for Myanmar အဖွဲ့ရဲ့ သုတေသနပြုချက်တွေအရ စစ်တပ်က အာဏာ သိမ်းပြီးကတည်းက အခုလ ၄ ရက်နေ့အထိ တိုင်းနဲ့ ပြည်နယ် ကိုးခုက မြို့နယ်၊ ကျေးရွာ ၁၂၆ ခုမှာ မီးရှို့ခံရတဲ့ နေအိမ်ပေါင်း ၃,၃၇၉ လုံး ရှိသွားပြီလို့ ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။