နယ်စပ်က ဒုက္ခသည်အရေးကူညီဖို့ ထိုင်းအစိုးရနဲ့ TBC တို့ ဆွေးနွေး
2025.02.15

ထိုင်းပြည်ထဲရေးဝန်ကြီးဌာနက နယ်စပ်တလျှောက် ဒုက္ခသည်ကူညီစောင့်ရှောက်ရေး ညွန့်ပေါင်းအသင်းကြီး (TBC) နဲ့ ပူးပေါင်းပြီး ထိုင်း-မြန်မာနယ်စပ်တလျှောက် ယာယီဒုက္ခသည်စခန်းတွေ ဖွင့်လှစ်ဖို့ ဆောင်ရွက်သွားမယ်လို့ ဖေဖော်ဝါရီ ၁၅ ရက်နေ့က ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။
မြန်မာပြည်တွင်း ပဋိပက္ခတွေကနေ ထွက်ပြေးလာသူတွေအတွက် နယ်စပ်တစ်လျှောက် ယာယီဒုက္ခသည်စခန်းတွေဖွင့်ပြီး ထောက်ပံ့ပေးမယ့် အစီအစဉ်တွေကို ထိုင်းပြည်ထဲရေးဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန်နဲ့ TBC တာဝန်ရှိသူတွေ ပြီးခဲ့တဲ့ရက်ပိုင်းက တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
ပြည်ထဲရေးဝန်ကြီးဌာနအနေနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေခံမူတွေနဲ့အညီ အကူအညီတွေပေးဖို့ အသင့်ရှိကြောင်း ဒုတိယအမြဲတမ်းအတွင်းဝန်က ပြောခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ ဒါ့အပြင် ဒီဒုက္ခသည်တွေအရေးကို ရေရှည်ဖြေရှင်းဆောင်ရွက်နိုင်ဖို့အတွက် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန၊ အမျိုးသားလုံခြုံရေးကောင်စီအပါအဝင် တခြားအာဏာပိုင်အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးသွားမယ်လို့လည်း ဒုတိယအမြဲတမ်းအတွင်းဝန်က ပြောခဲ့ပါတယ်။
ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနကလည်း နယ်စပ်က ဒုက္ခသည်တွေ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ အကူအညီရဖို့ ကြိုးပမ်းနေကြောင်းနဲ့ နှစ်စဉ် အမေရိကန်ဒေါ်လာ သုံးသန်းရဖို့ တောင်းခံထားကြောင်း ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြထားပါတယ်။
TBC အဖွဲ့ စာရင်းတွေအရ ထိုင်း-မြန်မာနယ်စပ် တစ်လျှောက်မှာ မယ်လ၊ အုန်းဖျန်၊ နို့ဖိုး၊ မယ်ရာမို၊ မယ်လအူး၊ ဘန့်ဒုံယမ်း၊ ထမ်ဟင်းအပြင် ကရင်နီဒုက္ခသည်စခန်းတွေဖြစ်တဲ့ မယ်ဆူရင်းနဲ့ မိုင်နိုင်ဆွိုင် ဆိုတဲ့ စခန်းကိုးခုရှိပြီး ခန့်မှန်းလူဦးရေ တစ်သိန်းနှစ်သောင်းလောက်ရှိပါတယ်။